ဧဒင်အချစ်ပုံပြင်: လူကုန်ကူးခံရသူ မြန်မာများ လွတ်မြောက်

Wednesday, 2 January 2013

လူကုန်ကူးခံရသူ မြန်မာများ လွတ်မြောက်

မြန်မာအမျိုးသမီး ၂ ဦး အပါအ၀င် လူကုန်
ကူးခံရသူ ၇ ဦးဟာ မနေ့က လွတ်မြောက်
လာသလို မြန်မာ ၃ ဦးကိုလည်း လူကုန်ကူး
မှု သံသယနဲ့ ဖမ်းဆီးထားပါတယ်။




သူတို့ ၇ ဦးဟာ ထိုင်းနိုင်ငံ ဘန်ကောက် လန်းစစ် လေယာဉ်ကွင်းဟောင်းအနီး ဆောက်လုပ်ရေးလုပ်
ငန်းခွင်မှာ လုပ်ကိုင်နေကြတာပါ။ အလုပ်အကိုင် အဆင်မပြေ ဖြစ်နေတုန်း ပွဲစား ကိုလင်းလင်းဆိုသူကနေတဆင့် ရောင်းစားခံကြရတာလို့ လွတ်မြောက်သူတွေက ပြောပါတယ်။
ရောင်းစားခံရသူတွေက မခင်ဦးဆွေ (တောင်ငူမြို့)၊ မသီတာစိုး (ကြို့ပင်ကောက်မြို့)၊ ကိုမျိုးနိုင်ဦး (ပဲခူးတိုင်း ဖြူးမြို့နယ်)၊ ကိုဇင်မင်းထက် (ပဲနွယ်ကုန်းမြို့)၊ ကိုဝေယံ (နေပြည်တော်)၊ ကိုမြင့်ဇော်နဲ့ ကမ္ဘောဒီးယား နိုင်ငံသား ၁ ဦးတို့ ဖြစ်ပါတယ်။
အမျိုးသမီး ၂ ဦးကတော့ ဒီဇင်ဘာ ၃၁ ရက်နေ့ ညကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ကျန်အမျိုးသား ၅ ဦးကတော့ ပြန်လည် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပြန်လွတ်လာတဲ့ မသီတာစိုးက “အတိုင်းမသိ ပျော်ပါတယ်။ မဟုတ်ရင် ကျမတို့ မိန်းကလေး ၂ ယောက် ဘ၀ပျက်သွားမှာ။ တော်တော် ဒုက္ခရောက်မှာ။ ယောက်ျားလေးတွေဆိုလည်း မြန်မာပြည်ကို ပြန်လာလို့ရတော့မှာ မဟုတ်ဘဲ သေမလား ရှင်မလား မသိဖြစ်မှာ” လို့ ပြောပါတယ်။

ကျန်ရှိတဲ့ အမျိုးသား ၅ ဦးကိုတော့ ဘန်ကောက်အနီး မဟာချိုင် ထပ်ချလုံ ရပ်ကွက် စခွန်တာလှေဆိပ် စက်လှေတွေဆီ ပို့ဆောင်တဲ့ အချိန်မှာ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ မြန်မာ ၃ ဦးဖြစ်တဲ့ ကိုလင်းလင်း၊ ဒေါ်ရီစိုး၊ ကိုမင်းဇော်တို့ကို ရဲက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

လူကုန်ကူးခံရသူနဲ့ ကယ်တင်တဲ့သူတွေရဲ့ ပြောဆိုချက်အရ ကိုလင်းလင်းက လစာနဲ့ အလုပ်ကောင်းကောင်းပေးမယ်ဆိုပြီး ဒေါ်ရီစိုးဆီကို ထိုင်းဘတ် ၈,၅၀၀ နဲ့ ရောင်းချခဲ့သလို ဒေါ်ရီစိုးက ထိုင်းငါးဖမ်းစက်လှေတွေဆီကို ဘတ် ၂၇,၀၀၀ နဲ့ ပြန်ရောင်းခဲ့တာလို့ သိရပါတယ်။

လူကုန်းကူးခံရသူတွေက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ အလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဦးကျော်သောင်းကို ဆက်သွယ်ခဲ့ရာက ထိုင်း အာဏာပိုင်နဲ့ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်သောင်းက “ကျနော်တို့ဆီကို သူတို့က ဆက်သွယ်လာတယ်။ မနေ့က သူတို့နေရာကို လိုအပ်တဲ့အချက်အလက်တွေ ရရှိဖို့ ကြိုးစားတယ်။

ကံဆိုးချင်တော့ မနေ့က ထိုင်းရုံးတွေ အလုပ်မလုပ်သေးဘူး။ အဲတော့ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဒါတွေကို ဒီနေ့မနက် မိုးလင်းတာနဲ့ ထိုင်းဘာသာပြန်ပြီး ထိုင်းအစိုးရအထူးထောက်လှမ်းရေးတပ်ဖွဲ့က (လူကုန်ကူးမှုအထူးတိုက်ဖျက်ရေးအဖွဲ့) ဆီ သတင်းပို့တယ်။

ပို့တော့ သူတို့က ဒီနေ့ဒီအချိန်မှာ သူတို့ရုံးမှာ လူအင်အား အားနည်းနေသေးတဲ့အတွက် မဟာချိုင်က ရဲအရာရှိ အချင်းချင်း ဆက်သွယ်တယ်။ ပြီးတော့ သွားလိုက်တဲ့အခါ အလုပ်သမားတွေကို တွေ့လာတယ်။ ပွဲစားအမျိုးသမီး ၁ ယောက်လည်း ဖမ်းလာတယ်။ နောက် ပွဲစား ၃ ယောက်ကိုလည်း ရအောင်ရှာနေတယ်” လို့ ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင်လာရောက် အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ် ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှုပေါင်း ၁၈ ခုမှာ လူကုန်ကူးခံရသူ ၂၉၂ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ကယ်တင်နိုင်ခဲ့ပြီး ပွဲစား ၉ ဦး ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

DVB    (မြန်မာပိုင်း)

by-shwemyanmarmediagroup

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...