ဧဒင်အချစ်ပုံပြင်: ဟံသာဝတီ ယာဉ်စခန်းကို ကားပလာဇာအဖြစ် တည်ဆောက်၍ စည်ပင်က ၅၅% အကျိုးခံစားမည်

Wednesday 27 February 2013

ဟံသာဝတီ ယာဉ်စခန်းကို ကားပလာဇာအဖြစ် တည်ဆောက်၍ စည်ပင်က ၅၅% အကျိုးခံစားမည်



ရန်ကုန် (မဇ္ဈိမ) . ၂၇ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃  —-   ရန်ကုန်တိုင်း၊ ကမာရွတ်မြို့ နယ်ရှိ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းအား ရန်ကုန် ကားပလာဇာ အဖြစ် တည်ဆောက်ကာ ရလာသည့် အကျိုးအမြတ်အား မြို့ တော် စည်ပင်သာယာရေး
ကော်မတီမှ ၅၅ ရာခိုင်နှုန်းခန့် ခံစားမည်ဟု စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ အကြီးအကဲတဦးက ဆိုသည်။
ရန်ကုန် ကားပလာဇာ ဆောက်လုပ်ရာတွင် Crown Advanced Engineering Co, Ltd မှ တာဝန်ယူ
ဆောက်လုပ်မည်ဟုလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
“စည်ပင်က ၅၅ ရာခိုင်နှုန်းနဲ့ ကုမ္ပဏီက ၄၅ ရာခိုင်နှုန်း အကျိုးခံစားခွင့် ရှိတယ်ဆိုတာ မှန်ပါတယ်။ ၃ နှစ် စီမံကိန်းနဲ့ လုပ်သွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ထိုကုမ္ပဏီအား မည်သူပိုင်ဆိုင်သည် ဆိုသည်ကိုမူ ရေရေရာရာ မသိရသေးပေ။
ဟံသာဝတီ ယာဉ်ရပ်နားဝင်း အကျယ်မှာ ၈ ဒဿမ ၅၉၉ ဧက ရှိပြီး ထိုမြေအားလုံးကို စီမံကိန်းမြေ အဖြစ် သတ်မှတ်၍ အဆောက်အဦများ၊ အိမ်ယာစီမံကိန်းများ၊ Car Show Room များ ထည့်သွင်း ဆောက်လုပ်မည်ကို စီမံကိန်း ယာယီ ဒီဇိုင်းအရ သိရသည်။

အဆိုပါ စီမံကိန်း ဆောင်ရွက်ရန် အတွက် ဟံသာဝတီ ယာဉ်ရပ်နား စခန်းရှိ အရောင်းအဝယ် ပြုလုပ်နေသော ယာဉ်များ၊ ယဉ်လုပ်သားများနှင့် ထိုဝင်းအား မှီခို၍ လုပ်ကိုင်စားသောက်နေသူများ စုစုပေါင်း လူ ၅,၀၀၀ ခန့်မှာ
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အပြီးသတ် ပြောင်းရွှေ့ရန် စည်ပင်က အမိန့်ထုတ်ထားကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်း က ပြောပြသည်။
“ကျနော်တို့ကို အရင်က မြို့ တော်ဝန် ပေးခဲ့တဲ့ ကတိစကားတွေ ရှိတယ်။ အခု အဲဒီ ကတိစကားတွေကို ပယ်ဖျက်ပြီး မြို့ တော် စည်ပင်က အတင်းအကျပ် နေရာ ဖယ်ခိုင်းနေတယ်။ ဒါကြောင့် မြို့ တော် စည်ပင်ဟာ
နောက်ပြန်လည့်နေတဲ့ ဌာနတခုအဖြစ် ကျနော်တို့ မြင်လာတယ်” ဟု ဆိုသည်။
၎င်းတို့အတွက် နေရာသစ်အား သီရိမင်္ဂလာ ဈေးဟောင်းတွင် အာဏာပိုင်များက သတ်မှတ်ခဲ့ပြီး ထိုနေရာမှာ လက်ရှိ ကားဝင်း၏ သုံးပုံတပုံပုံသာ ကျယ်သည်ဟု ဆိုသည်။
ထို့ပြင် ကားရေဆေးသူများ၊ ထမင်းဆိုင်များ၊ ခြေသည်းလက်သည်း လိုက်ညှပ်သူများ၊ ကွမ်းယာဆိုင်များ စသူတို့ လုပ်ကိုင်စားသောက်ရန်အတွက် နေရာအခက်အခဲများ ရှိကြောင်း လက်ရှိစခန်းတွင် ကွမ်းယာဆိုင် ဖွင့်ထားသော အမျိုးသမီး တဦးက ဆိုသည်။
“ကျမတို့ ဒီမှာ လုပ်ကိုင်စားသောက်နေတာ ဒီဝင်း ဆောက်ကတည်းကပါ။ အခွန်လည်း ပုံမှန် ဆောင်ပါတယ်။ ဒီဝင်းကြီးကို ရွှေ့လိုက်ရင် ကျမတို့ စားဝတ်နေရေး ခက်ခဲလာနိုင်ပါတယ်။ တကယ်လို့ ပြောင်းမယ်ဆိုလည်း ကျမတို့ပါ လုပ်ကိုင်စားသောက်လို့ ရတဲ့အနေအထား ရှိတဲ့ ကားဝင်းကိုပဲ ပြောင်းစေချင်တယ်” ဟု ဆိုသည်။
၎င်းတို့ ကားပွဲစားတန်း မပြောင်းရွှေ့ရေးအတွက် မြို့တော်ခန်းမ ရှေ့တွင် လူ ၂၀၀၀ ကျော်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီကျော်အထိ ဆန္ဒပြခဲ့ကြသည်။
ကားပွဲစားများ၊ ကားအလုပ်သမားများနှင့် ထိုဝင်းအား မှီခိုလုပ်ကိုင်စားသောက်နေကြသည့် ဈေးသည်များက မပြောင်းရွှေ့ရေးအတွက် ဒုတိယနေ့အဖြစ် ဆန္ဒပြကြခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရှင်စောပု လမ်းမကြီး၌ လူဦးရေ သုံးထောင်ခန့်က ရဲဌာန၏ ခွင့်ပြုမိန်ဖြင့် ထိုကားဝင်း မပြောင်းရွှေ့ရေးအတွက် တနာရီကျော်ကြာ ဆန္ဒပြခဲ့ကြသေးသည်။
စောဇင်ညီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...