ဧဒင်အချစ်ပုံပြင်: ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ နေအိမ်တွင် အိမ်အကူ အမျိုးသမီးငယ်အား ညှဉ်းပမ်းနှိပ်စက်၍ ထွက်ပြေးစဉ်သေဆုံးမှု ဖြစ်စဉ်မှန်အား စစ်ဆေးတွေ့ရှိချက်

Tuesday 12 March 2013

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ နေအိမ်တွင် အိမ်အကူ အမျိုးသမီးငယ်အား ညှဉ်းပမ်းနှိပ်စက်၍ ထွက်ပြေးစဉ်သေဆုံးမှု ဖြစ်စဉ်မှန်အား စစ်ဆေးတွေ့ရှိချက်

Photo: ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ နေအိမ်တွင် အိမ်အကူ အမျိုးသမီးငယ်အား ညှဉ်းပမ်းနှိပ်စက်၍ ထွက်ပြေးစဉ်သေဆုံးမှု
ဖြစ်စဉ်မှန်အား စစ်ဆေးတွေ့ရှိချက်
Tuesday, March 12, 2013

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၆လွာနေ ဦးဟာရှင်နှင့် ဇနီးဖြစ်သူ ဒေါ်ဘော်ဘီတို့၏နေအိမ်တွင် အိမ်အကူ အဖြစ်လုပ်ကိုင်နေသော မသင်းသင်းမြတ်(၁ဝ)နှစ်မှာ အိမ်ရှင် ဖြစ်သူများက ညှဉ်းပမ်းနှိပ်စက်၍ထွက်ပြေးစဉ် တိုက်ပေါ်မှပြုတ်ကျသေဆုံးမှုဖြစ်စဉ် အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့သည်။

စစ်ဆေးတွေ့ရှိချက်များအရ ဦးဟာရှင်(ခ)ညွန့်ဝင်းနှင့် ဒေါ်ဘော်ဘီ (ခ)ဒေါ်တင်စုစုထွေးတို့သည် အိမ်အကူ မသင်းသင်းမြတ်အား အိမ်အတွင်းအကျဉ်းချထားပြီး အမြဲတမ်းညှဉ်းပမ်းနှိပ်စက်သည့် အတွက် နေအိမ်မှ(၄)ကြိမ်ခန့် ထွက်ပြေးရန်ကြိုးစားခဲ့သည့်ဖြစ်စဉ်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊(၁၄ဝ)ရပ်ကွက်နေ ဦးဝင်းအောင်နှင့် 
ဒေါ်ရီရီတင်(ခ)ဒေါ်တင်ရီတို့သည် စီးပွားရေးအဆင် မပြေသည့်အတွက် သမီးဖြစ်သူ မသင်းသင်းမြတ်(ခ)အသေးလေး(၁ဝ)နှစ်ခန့်အား ၂ဝ၁ဝခုနှစ်၊နှစ်ဆန်းကပင် ကျောက်တံတားမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ ၆လွာနေ ဦးဟာရှင်(ခ)ညွန့်ဝင်းနှင့် ဒေါ်ဘော်ဘီ(ခ) ဒေါ်တင်စုစုထွေး 
တို့၏နေအိမ်တွင် အိမ်အကူအဖြစ်  တစ်လလျှင်(၈ဝဝဝိ/-)ဖြင့် လုပ်ကိုင်စေခဲ့ပြီး နောက်ပိုင်းတွင် တစ်လ(၁၂ဝဝဝိ/-)အထိ လစာရရှိခဲ့ကြောင်း၊ လစာငွေများအားမိဘများက ထုတ်ယူခဲ့ကြကြောင်း၊ ၎င်းနှင့်အတူ တစ်ရပ်ကွက် တည်းနေ ဒေါ်ခင်ညို(ခ)ဒေါ်ညိုမှလည်း
သမီးဖြစ်သူ မငြိမ်းငြိမ်းအေး(ခ)ငြိမ်းငြိမ်း(၁၂)နှစ်အား တစ်လလျှင် (၁၂ဝဝဝိ/-)ဖြင့် အိမ်အကူအဖြစ်လုပ်ကိုင် နေကြကြောင်း၊ မသင်းသင်းမြတ်မှာ အိမ်သာဆေး၊ ဖုန်သုတ်၊ ကလေးထိန်း အလုပ်များလုပ်ရပြီး မငြိမ်းငြိမ်းအေးမှာ ထမင်းချက်၊ အဝတ်လျှော်၊ ကြမ်းတိုက်သည့် အလုပ်များလုပ်ကိုင်ရကြောင်း၊ အိမ်ရှင်လင်မယားမှာ အိပ်ခန်းအတွင်းအိပ်ပြီး မသင်းသင်းမြတ်နှင့် မငြိမ်းငြိမ်းအေးတို့မှာ ဧည့်ခန်း၌အိပ်ရကြောင်း၊ ညအိပ်လျှင်အိမ်တံခါး အားသော့ခတ်၍  အိမ်ရှင်များက သော့အားသိမ်းလေ့ရှိကြောင်း၊ မနက်ပိုင်းမှသော့ဖွင့်
ပေးလေ့ရှိကြောင်း၊ မသင်းသင်းမြတ်(ခ)အသေးလေးအား
ဒေါ်ဘော်ဘီမှပါးရိုက်ခြင်း၊ ဗိုက်ခေါက်လိမ်ဆွဲခြင်းများပြုလုပ်ခဲ့မှုကြောင့် ၂ဝ၁ဝ ခုနှစ်၊ ဇူလိုင်လခန့်က ၎င်း၏နေအိမ်သို့ တစ်ကြိမ်ထွက်ပြေး ခဲ့ဖူးကြောင်း၊ ဖခင်ဖြစ်သူ ဦးဝင်းအောင်က ဒေါ်ဘော်ဘီတို့ထံ
ပြန်ထည့်ပေး၍ ဆန္ဒမပါဘဲလိုက်သွားခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ၁၇-၁၁-၂ဝ၁ဝရက်နေ့က ကုရ်ဘာနီအစ်ရှိသဖြင့် ဦးဟာရှင်တို့
နေအိမ်၌ အမဲသားများဝေငှ   ခဲ့ကြောင်း၊ အမဲသားဝေငှရာသို့ မသင်းသင်းမြတ်၏ဖခင် ဦးဝင်းအောင်နှင့် မိထွေး ဒေါ်ရီရီတင်တို့
ရောက်လာပြီး အမဲသားများနှင့် မသင်းသင်းမြတ်၏လစာငွေများအား ကြိုတင်ထုတ်သွားခဲ့ကြောင်း၊ နောက်တနေ့တွင် မငြိမ်းငြိမ်းအေးက မိဘများကိုတွေ့ရန်နေအိမ်ပြန်လိုသဖြင့် ၂ ဦးတိုင်ပင်ကာ ထွက်ပြေးရန်
ကြံခဲ့သော်လည်း ထွက်မပြေးဖြစ်ခဲ့ကြောင်း၊ ၁၉-၁၁-၂ဝ၁ဝရက်နေ့ ဝ၆ဝဝ အချိန်တွင် မသင်းသင်းမြတ်နှင့် မငြိမ်းငြိမ်းအေးတို့ ၂ ဦး အိပ်ယာထပြီး ဝရံတာတွင်လှန်းထားသောစောင်များကို အောက်သို့ပစ်ချ၍ အိမ်ရှင်ထံတွင် အိမ်တံခါးသော့တောင်းကာ ၂ ဦးသား ထွက်ပြေးရန်တိုင်ပင်ခဲ့ပြီး စောင် ၂ ထည်အား တိုက်အောက်သို့ပစ်ချခဲ့ရာ စောင် ၁ ထည်မှာ အောက်သို့မကျဘဲ မီးကြိုး၌ချိတ်နေကြောင်း၊ အိမ်ရှင်များအား စောင်ကျသွားသဖြင့်
ကောက်ယူရန် သော့တောင်းရာ အိမ်ရှင်မှ သော့မပေးသဖြင့် တိုက်ဘေးရှိကွန်ကရစ်ပွတ်တိုင်လုံးအားတွယ်ဆင်းရန် တိုင်ပင်ခဲ့ကြောင်း၊ မငြိမ်းငြိမ်းအေးသည် မီးဖိုခန်းတွင် ရေနွေးအိုးတည်ထားသဖြင့် မီးပလပ်အားသွားရောက်ဖြုတ်ပြီး ဝရန်တာသို့ပြန်ရောက်စဉ် မသင်းသင်းမြတ်မှာ ကွန်ကရစ်ပွတ်လုံးတိုင်အား တွယ်ဆင်းနေပြီး တတိယအလွာသို့ ရောက်ရှိနေသည်ကိုတွေ့ရကြောင်း၊ မငြိမ်းငြိမ်းအေးအား လိုက်ဆင်းရန်လက်လှမ်းပြစဉ် တိုက်အောက်သို့ပြုတ်ကျသွားခဲ့ကြောင်း၊ အနီးရှိ ၃၅ လမ်း အမှတ်(၂၃၇)မြေညီထပ်နေ စိန်သူဖြိုး(ခ) ဖိုးသောကြာမှာ ရေသန့်ဗူးများပို့ရန်ပြင်ဆင်နေစဉ် အိမ်ဖော်မိန်းကလေး  တစ်ဦးဝရန်တာပိုက်လုံးအား ကျော်တက်နေသည်ကိုတွေ့ရှိရပြီး ခဏအကြာပြုတ်ကျသွား သည်ကိုတွေ့ရှိ  ခဲ့ကြောင်းနှင့် အနီးရှိလူများမှ ဝိုင်းအော်သဖြင့် အိမ်ရှင်ဖြစ်သူ ဦးဟာရှင်(ခ)ညွန့်ဝင်း ပြေးဆင်းလာပြီး မိန်းကလေးအား အငှားကားဖြင့် ဆေးရုံသို့ပို့ပေးခဲ့ ကြောင်း သိရှိရသည်။

၎င်းနေ့ ဝ၈၁၅ အချိန် မသင်းသင်းမြတ်မှာ ရန်ကုန်ဆေးရုံကြီးသို့ 
ရောက်ရှိလာသဖြင့် အရေးပေါ်တာဝန်ကျဆရာဝန်မှစစ်ဆေးရာ ယာနဖူး၊ယာမျက်လုံးနှင့် အပေါ်နှုတ်ခမ်းတို့တွင် ဖူးရောင် ဒဏ်ရာများ၊ ယာတံတောင်ဆစ်အတွင်းဘက်နှင့် ယာပေါင်အရှေ့တို့တွင် စုတ်ပြဲဒဏ်ရာများ၊ ယာခြေခုံ ညိုမည်းသွေးခြေဥဒဏ်ရာများသာရရှိပြီး လိင်ပိုင်းဆိုင်ရာဆောင်ရွက်ထားသည့် ဒဏ်ရာဒဏ်ချက်များ မရှိကြောင်း၊ ရန်ကုန်ဆေးရုံကြီး၌ဆေးကုသစဉ် ၂-၁-၂ဝ၁၁ ရက်နေ့တွင်သေဆုံး သွားခဲ့သဖြင့် ကျောက်တံတား ရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁/၂ဝ၁၁)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း၊ မှု့ခင်းဆရာဝန်၏ အလောင်းအား စစ်ဆေးချက်အရ နဖူးပေါ်တွင် ၈ စင်တီမီတာရှိ ချုပ်ထားသော ဒဏ်ရာ တစ်ခု၊ ယာလက်မောင်း အောက်ပိုင်းတွင် ၃×၂ စင်တီမီတာရှိစုတ်ပြဲ ဒဏ်ရာနှင့် ယင်းအောက်ရှိလက်မောင်းရိုးကျိုး၊ ယာပေါင် အောက်ပိုင်းတွင် ၄×၂ စင်တီမီတာရှိ စုတ်ပြဲဒဏ်ရာနှင့် ယင်းအောက်ရှိယာပေါင်ရိုးကျိုး၊ ဦးခွံအရေပြား အောက်သွေးသွန်သည့်ဒဏ်ရာဟောင်းတစ်ခု၊ ဦးခွံရိုးကိုဖောက်၍ ကုသထားသော အပေါက်တစ်ခု၊ ဦးနှောက်ဖိသိပ်သည့် လက္ခဏာနှင့် ဦးနှောက်တွင်းပြည်တည်သည့် လက္ခဏာများတွေ့ရှိ ရကြောင်း၊ မိန်းမကိုယ်၌ ထူးခြားမှုမတွေ့ရကြောင်း၊ သေဆုံးရသည့် အကြောင်းရင်းမှာ ဦးခေါင်းတွင်ရရှိသော ဒဏ်ရာကြောင့် ဦးနှောက်ရိုးကျိုး၍ ဦးနှောက်မြှေးအပြင်ဘက် သွေးသွန်ဒဏ်ရာရရှိပြီး ခွဲစိတ်ကုသရာမှ ဦးနှောက်တွင်ပြည်တည်၍ သွေးဆိပ်တက် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ဆေးချက်များအရ မသင်းသင်းမြတ်အား အိမ်ရှင်ဖြစ်သူ ဦးဟာရှင် (ခ)ညွန့်ဝင်းမှ နေအိမ်ပေါ်မှ တွန်းချခဲ့ခြင်းမဟုတ်ဘဲနေအိမ်မှထွက်ပြေးရန်
ကြိုးစားရာတွင် ကွန်ကရစ်ပွတ်လုံးတိုင်မှတွယ်ဆင်းစဉ် ၂၈ ပေ အမြင့်ရှိ တတိယထပ်မှလက်လွတ်၍ မတော်တဆပြုတ်ကျခဲ့ခြင်းသာဖြစ်ကြောင်းကို တရားရုံး၌ စစ်ဆေး ပေါ်ပေါက်ခဲ့သည့် အပြင် မသင်းသင်းမြတ်၏ အဒေါ်ဖြစ်သူ ဒေါ်စောသိန်း(ခ)ရခိုင်မက အိမ်ရှင်ဖြစ်သုများမှ
နှိပ်စက်မှုများပြုလုပ်ကြောင်း တိုင်ကြားခဲ့မှုအား ကျောက်တံတားရဲစခန်းတွင် တိုင်ကြားခဲ့ရာ ရဲအရေး မပိုင်မှုကြောင့် ကျောက်တံတားမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားစေသဖြင့် ကျောက်တံတား မြို့နယ်တရားရုံးမှ
ပြစ်မှုကြီးအမှတ်၊ ၃၈၅/၂ဝ၁ဝ ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း၊ ဦးဟာရှင်(ခ) ညွန့်ဝင်းအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၄၁ အရ ထောင်ဒဏ်(၁)လ
ကျခံစေရန်နှင့် ဒေါ်ဘော်ဘီ(ခ) တင်စုစုထွေးအား ဒဏ်ငွေကျပ် (၅ဝဝိ/-)၊  ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃ အရ ဒဏ်ငွေကျပ် (၁ဝဝဝိ/-) ပေးဆောင်စေရန် ၁၇-၁၂-၂ဝ၁၂ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

၎င်းအပြင် မသင်းသင်းမြတ်(ခ)အသေးလေးအား အိမ်ရှင် ဦးဟာရှင် (ခ)ညွန့်ဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်ဘေဘီ(ခ)ဒေါ်တင်စုစုထွေးတို့မှ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်မှု 
မရှိသော်လည်း ကလေးသူငယ်ဖြစ်သူအား လစာငွေအနည်းငယ်ပေးပြီး အလုပ်များအား စေခိုင်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့(၂)ဦးအား ၁၂-၁-၂ဝ၁၃ရက်နေ့တွင် ကျောက်တံတားမြို့နယ် တရားရုံး၊ ပြစ်မှုကြီးအမှုအမှတ် ၂၅/၂ဝ၁၃၊ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ထပ်မံတရားစွဲဆို စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Myanmar Police Forceရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၆လွာနေ ဦးဟာရှင်နှင့် ဇနီးဖြစ်သူ ဒေါ်ဘော်ဘီတို့၏နေအိမ်တွင် အိမ်အကူ အဖြစ်လုပ်ကိုင်နေသော မသင်းသင်းမြတ်(၁ဝ)နှစ်မှာ အိမ်ရှင် ဖြစ်သူများက ညှဉ်းပမ်းနှိပ်စက်၍ထွက်ပြေးစဉ် တိုက်ပေါ်မှပြုတ်ကျသေဆုံးမှုဖြစ်စဉ် အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့သည်။

Myanmar Police Force

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...