ဧဒင်အချစ်ပုံပြင်: မန္တလေးမြို့ပေါ်မှ ဆိုင်ကယ်(၁၁)စီးခိုးယူသူများအား ဖော်ထုတ်ဖမ်းဆီး

Tuesday 5 March 2013

မန္တလေးမြို့ပေါ်မှ ဆိုင်ကယ်(၁၁)စီးခိုးယူသူများအား ဖော်ထုတ်ဖမ်းဆီး

မန္တလေးမြို့ပေါ်တွင်ဖြစ်ပွားခဲ့သော ဆိုင်ကယ်ခိုးမှုများအား ဖော်ထုတ်ရန်အတွက် ၁၃-၂-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ သတင်းစုံစမ်းနေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ(၁)၊ လမ်း(၆၀)နေ အောင်ကြီး(ခ)အောင်ကိုမင်းသည် ယခင်ဆိုင်ကယ်ခိုးမှု ပြစ်ချက်ဟောင်းရှိသူ ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း၌ ဆိုင်ကယ်များအား တန်ဘိုးထက်လျှော့ကာ မကြာခဏရောင်းချနေကြောင်း သတင်းရရှိသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။
ထို့သို့စစ်ဆေးခဲ့ရာ အောင်ကြီး(ခ)အောင်ကိုမင်းသည် ၂၀၀၉ ခုနှစ်အတွင်းက ဆိုင်ကယ်ခိုးမှုဖြင့် ထောင်ဒဏ်(၁)နှစ်(၆)လကျခံခဲ့ရာမှ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် ထောင်မှလွတ်လာခဲ့ကြောင်း၊ ထောင်မှ လွတ်လာပြီး ဆိုင်ကယ် ၀ယ်/ရောင်းလုပ်ကိုင်စဉ်

အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာနေ အောင်သန်းထွန်း (ခ)အကြင်နာဆိုသူနှင့် ခင်မင်ရင်းနှီးခဲ့ပြီး ၎င်းမှလာရောက်ရောင်းချသည့် ဆိုင်ကယ်များအား ၀ယ်ယူ၍ မြင်းခြံမြို့နေ အောင်မျိုးသူ(ခ)မျိုးသူထံ တဆင့်ပြန်လည်ရောင်းချပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
သို့ဖြစ်၍ ဆိုင်ကယ်များ မကြာခဏလာရောက်ရောင်းချသူ အောင်သန်းထွန်း(ခ)အကြင်နာအား စုံစမ်းခဲ့ရာ ပြည်ကြီးတံခွန်ရဲစခန်း(ပ)၅၉၄/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် မသင်္ကာ၍ ဖမ်းဆီးစစ်ဆေး နေကြောင်း သိရှိခဲ့သဖြင့် အောင်ကြီး၊ အောင်သန်းထွန်းတို့နှင့်အတူ ၁၅-၂-၂၀၁၃ ရက်နေ့တွင် အောင်မျိုးသူ (ခ)မျိုးသူအား မြင်းခြံမြို့နယ်၊ အိုင်မရွာထိပ်တွင် ဖမ်းဆီးရမိခဲ့သဖြင့် အောင်ကြီး(ခ)အောင်ကိုမင်းနှင့်အတူ မန္တလေးအမှတ်(၁၁)ရဲစခန်း(ပ) ၄၄၂/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ အောင်သန်းထွန်း(ခ)အကြင်နာသည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မဟာအောင်မြေ မြို့နယ်၊ လမ်း(၈၀)၊ ၃၅x၃၆ လမ်းကြား၊ လမ်းဘေးတွင်ရပ်ထားသည့် တရုတ်နိုင်ငံလုပ် NEW ANBO 125 ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေး အရှေ့ပေါက် လမ်းပေါ်တွင်ရပ်ထားသည့် တရုတ်နိုင်ငံလုပ် KENBO 125 ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ ဇန်န၀ါရီလအတွင်းကပင် မဟာအောင်မြေမြို့နယ်၊ ၆၉ လမ်း၊ ၃၅ x ၃၆ လမ်းကြား၊ လမ်းဘေးတွင်ရပ်ထားသည့် တရုတ်နိုင်ငံလုပ် PINBO 110 WAVE ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ ထိုလအတွင်းပင် ပြည်ကြီးမျက်ရှင် ကားကြီးဝင်းအနီး လမ်းဘေးတွင် ရပ်ထားသည့် PINBO 125 ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ လွန်ခဲ့သော ရက်(၂၀)ခန့်က မဟာမြတ်မုနိဘုရားကြီး ဈေးလမ်းမြောက်ဘက်တွင်ရပ်ထားသည့် တရုတ်နိုင်ငံလုပ် ZONGSHEN 110 ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ အဆိုပါရက်နေ့ခန့် နံနက်(၈)နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ““စ”” ဈေး အရှေ့ပေါက်တွင်ရပ်ထားသည့် တရုတ်နိုင်ငံလုပ် ZONGSHEN 110 ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ လွန်ခဲ့သော(၁၅)ရက်ခန့်က ၇၃ လမ်း၊ ၃၇x၃၈ လမ်းကြား၊ လမ်းပေါ်တွင်ရပ်ထားသည့် တရုတ်နိုင်ငံလုပ် KENBO 125 ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ အဆိုပါနေ့ခန့်ကပင် မန်းမြို့ဈေးအနောက်ပေါက် လမ်းဘေးတွင်ရပ်ထားသည့် တရုတ်နိုင်ငံလုပ် ZONGSHEN 110 ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ လွန်ခဲ့သော နှစ်ပတ်ခန့်က ည(၉)နာရီအချိန် ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ မနော်ဟရီလမ်းနှင့် ခိုင်ရွှေဝါလမ်းကြားရှိ ““ကင်း””စတိုးဆိုင်ရှေ့ လမ်းဘေးတွင်ရပ်ထားသည့် တရုတ်နိုင်ငံလုပ် YINXIANG 125 ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ လွန်ခဲ့သော (၁၀)ရက်ခန့်က ညအချိန်တွင် ၆၂ လမ်း၊ မနော်ရမ်္မံဥယျာဉ်ကစားကွင်းအနီး လမ်းဘေးတွင်ရပ်ထားသည့် တရုတ်နိုင်ငံလုပ် KENBO 125 ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ လွန်ခဲ့သော တစ်ပတ်ခန့်အချိန်ကလည်း ဘုရားကြီးဈေး ၄၁x၄၂လမ်းနှင့် ၈၂x၈၄ လမ်းကြားရှိ ကုန်စုံဆိုင်ရှေ့တွင်ရပ်ထားသော တရုတ်နိုင်ငံလုပ် TURBO STAR 125 ဆိုင်ကယ်(၁)စီးအားလည်းကောင်း ခိုးယူခဲ့ပြီး အောင်ကြီး(ခ)အောင်ကိုမင်းနှင့် အောင်မျိုးသူ(ခ)မျိုးသူတို့အား တစ်ဆင့်ပြီးတစ်ဆင့် လက်လွှဲရောင်းချခဲ့သည့်အပြင် အချို့ဆိုင်ကယ်များအား ပေါင်နှံထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံဆိုင်ကယ်(၁၁)စီးအား သက်သေများနှင့် လိုက်လံ သိမ်းဆည်းခဲ့သည်။
သို့ဖြစ်၍ ဆိုင်ကယ်များအား အကြိမ်ကြိမ်ခိုးယူရောင်းချခဲ့ကြသည့် အောင်သန်းထွန်း(ခ)အကြင်နာ၊ အောင်ကြီး(ခ)အောင်ကိုမင်းနှင့် အောင်မျိုးသူ(ခ)မျိုးသူတို့(၃)ဦးအား မန္တလေးအမှတ်(၉)ရဲစခန်း(ပ)၁၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄၊ အဆိုပါရဲစခန်း(ပ)၁၁၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄၊ (ပ)၁၁၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄၊ (ပ)၁၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄၊ (ပ)၁၂၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄၊ (ပ)၁၂၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄၊ (ပ)၁၂၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ တို့ဖြင့်လည်းကောင်း၊ အမှတ်(၇)ရဲစခန်း (ပ)၁၁၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄နှင့် (ပ)၁၂၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ ဖြင့် လည်းကောင်း၊ အမှတ်(၁၁)ရဲစခန်း(ပ)၁၃၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ ဖြင့် လည်းကောင်း၊ ပြည်ကြီးတံခွန်ရဲစခန်း(ပ)၇၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
by-ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...