ဧဒင်အချစ်ပုံပြင်: ညီညွတ်ရေးရမှ တိုင်းပြည်တိုးတက်မယ်

Friday 15 March 2013

ညီညွတ်ရေးရမှ တိုင်းပြည်တိုးတက်မယ်

Photo: ညီညွတ်ရေးရမှ တိုင်းပြည်တိုးတက်မယ်

ပြည်သူလူထုခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲဝင် အားလုံးအား မိန့်ကြားသော သြ၀ါဒကထာ။

(၁၃၆၄-ခု၊ နယုန်လပြည့်ကျော်(၈)ရက်)
မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
==============================

အောင်ဆန်းစုကြည်အပါအ၀င် မင်းတို့ ပရိသတ်အားလုံးနားထောင်၊
လူဆိုတာ စည်းကမ်းရှိရပါတယ်၊ စည်းကမ်းရှိမှသာ တိုင်းပြည်တပြည် တိုးတက်တယ်၊ ဒီအခမ်းအနားမှာ ငြိမ်ငြိမ်နေသင့်တဲ့ အခမ်းအနားဆိုရင် ငြိမ်ငြိမ်ကိုနေရပါတယ်။ အပ်ကျသံကြားလောက်အောင် ငြိမ်ရပါတယ်၊ အဲဒါမှ စည်းကမ်းရှိတယ်လို့ ခေါ်တယ်၊ စည်းကမ်းရှိတဲ့လူမျိုးမှ တိုးတက်တယ်။
ကဲ ရှင်အောင်ဆန်းစုကြည် ညည်းလဲ တော်တော်ပင်ပန်းလာပြီ၊ ငါ တိုတိုလေးပြောမယ်၊
ဒို့ဘုရားရှင်က

ဝိ၀ါဒံ ဘယတော ဒိသွာ၊ အ၀ိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ၊ ဧသာ ဗုဒ္ဓါန သာသနီ။

ဘုရားရှင်တိုင်း ဆုံးမထားတဲ့အဆုံးအမရှိတယ်၊
ဝိ၀ါဒံ= အချင်းချင်းငြင်းခုံခြင်း ခိုက်ရန်ဖြစ်ခြင်း အထင်အမြင်လွဲခြင်း သဘောထားကွဲလွဲခြင်းကို၊ ဘယတော- ကြောက်ဖွယ်မအေး ဧရာမဘေးကြီးလို့၊ ဒိသွာ မြင်ကြစမ်းပါ။

အ၀ိဝါဒံ= အချင်းချင်း မငြင်းမခုံ ခိုက်ရန်မဖြစ် သဘောထားတူညီခြင်းကို၊ ခေမတော- ငြိမ်းချမ်းရေးလမ်းစဉ်ကြီးလို့ မြင်ကြစမ်းပါ။

အဲဒီလိုမြင်ပြီး ဘာလုပ်ရမှာလဲ၊ သမဂ္ဂါ-ညီညီညွတ်ညွတ် နေကြပါ။ သခိလာ၊ ပြေပြေပြစ်ပြစ် ဆက်ဆံကြပါ။ ဧသာဗုဒ္ဓါနသာသနီ- အဲဒါဟာ ဘုရားရှင်တိုင်းရဲ့အဆုံးအမပဲ။

ညည်းအဖေ ဗိုလ်ချုပ်အောင်ဆန်းက ပထမဆုံးအကြိမ်လုပ်တဲ့ ဖ-ဆ-ပ-လ ညီလာခံမှာ သံဃာတော်အရှင်မြတ်များကို အထူးလျှောက်ထားတဲ့ စကားရပ်ပါတယ်။

သံဃာတော်အရှင်မြတ်များကို တပည့်တော် အထူးလျှောက်ထားပါရစေ။
တပည့်တော်တို့ မြန်မာနိုင်ငံဟာ မညီညွတ်ပါဘူးဘုရားတဲ့၊
အဲဒါ အရှင်ဘုရားတို့က ညီညွတ်ရေးရအောင် တရားဟောပေးပါဘုရားတဲ့။ ဒါက နံပါတ်(၁)။

နံပါတ်(၂)က တပည့်တော်တို့ ဗမာနိုင်ငံ လူမျိုးတွေဟာ လူအ လူနတွေပါဘုရား၊ အဲဒီ လူအလူနတွေကို လူအလူနဘ၀က လွတ်မြောက်ရေးရသွားအောင် အရှင်မြတ်တို့က ကူညီပြီး တရားဟောပေးပါဘုရားလို့ ပထမဆုံးအကြိမ်လုပ်တဲ့ ဖ-ဆ-ပ-လ ညီလာခံမှာ ညည်းအဖေ ဗိုလ်ချုပ်ဆောင်ဆန်းက လျှောက်ထားသွားတဲ့ စကားတရပ်ရှိတယ်၊
အဲဒီ သူလျှောက်ထားသွားတဲ့ အတိုင်းပဲ ညီညွတ်ရေးရမှ တိုင်းပြည်တိုးတက်မယ်။

.........
ခရုယှက် သမ္မတဖြစ်တုန်းက ပြောသွားတဲ့ စကားတရပ်ရှိတယ် ၊ ဘာပြောသွားလဲဆိုတော့ ကျွန်န်တော်တို့ အရှေ့အုပ်စုနဲ့ အနောက်အုပ်စု ငြိမ်ချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ပြီးတော့ ကိုယ့်စနစ်နဲ့ကိုယ် ကိုယ့်နိုင်ငံ တိုးတက်အောင် လုပ်၊ အဲသလိုဆိုရင် ကမ္ဘာကြီးကောင်းမယ်၊ ဒီလိုမဟုတ်ဘဲနဲ့ တဦးနဲ့တဦး တအုပ်စုနဲ့တအုပ်စု အထင်အမြင်လွဲပြီးတော့ စစ်ပွဲတွေ ဆင်နွှဲနေကြမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ဖျက်ဆီးသလိုဖြစ်မယ်၊ ခရုယှက်က အဲဒီလို ပြောဆိုသွားတယ်။

အခုလဲ အဲသလိုပဲ ဒို့နိုင်ငံက ထိပ်တန်းကနေ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ သဘောထားညှိနှိုင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြမယ်ဆိုရင် ဒို့ဗမာနိုင်ငံ တိုးတက်မယ်၊ ဒီလိုမဟုတ်ဘဲနဲ့ သဘောထား အမြဲတမ်းကွဲလွဲနေကြမယ်ဆိုရင် အဲဒီ ထိပ်ပိုင်းက ဦးဆောင်နေတဲ့ပုဂ္ဂိုလ်များ ဗမာနိုင်ငံကို ဖျက်ဆီးတဲ့ တရားခံထဲ ၀င်သွားမယ်၊

ဒါကြောင့် ထိပ်ပိုင်းက ဦးဆောင်နေတဲ့ပုဂ္ဂိုလ်တွေကို ငါ အမြဲတမ်းပြောနေပါတယ်၊ အေး ဒါကြောင့် နှစ်ဦးနှစ်ဖက်လုံးကို ငါကတော့ ကြားဝင်ပြီးတော့ ပြောနေတာပဲ၊ ဒီတော့ ညီညီညွတ်ညွတ် လုပ်ဆောင်ကြဖို့ အင်မတန် အရေးကြီးပါတယ်၊ အဲဒီလို ညီညီညွတ်ညွတ်နဲ့ တည်ထောင်မှ ဒီနိုင်ငံတိုးတက်မယ်။

နိုင်ငံ လွတ်လပ်ရေးရတာ ရှင်အောင်ဆန်းစုကြည် (၃)နှစ်သမီးလောက်က လွပ်လပ်ရေးရလာတာပါ။ ဒီတော့ လွတ်လပ်ရေးရတာ နှစ်ပေါင်း(၅၀)ကျော်ပြီ၊ ဒါပေမဲ့ ဗမာနိုင်ငံက သွားတောင်မပေါက်သေးဘူး၊ အဲဒီလောက်ထိ ရှက်စရာကောင်းနေတယ်၊ လူလားမြောက်ဖို့ဆိုတာ ဝေးလို့ သွားတောင်မပေါက်သေးဘူး၊

အဲဒီသွားတောင် မပေါက်သေးတဲ့ ဗမာနိုင်ငံကို သွားပေါက်လာအောင် လူလားမြောက်လာအောင်ဆိုတာက ညီညီညွတ်ညွတ်နဲ့ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြမှ ဗမာနိုင်ငံ တိုးတက်မယ်၊ ဒီအတိုင်း ဖြစ်နေကြမယ်ဆိုရင် ခုနက ငါပြောခဲ့တဲ့အတိုင်းဘဲ ဗမာနိုင်ငံကို ဖျက်ဆီးတဲ့ တရားခံတွေထဲ ၀င်သွားမယ်၊

အေး သမိုင်းလေ့လာတယ်ဆိုတာ ရှေးက အမှားတွေ ရှောင်ကြဉ်ပြီးတော့ အမှန်တွေ လုပ်ကြဘို့အတွက် သမိုင်းကို လေ့လာရတယ်၊ ဒါကြောင့် ဒို့ဗမာနိုင်ငံမှာ နိုင်ငံရေးအမှားတွေ အများကြီးရှိပါတယ်၊ အဲဒီအမှားတွေကိုတော့ ဆက်ပြီးမပြောပါနဲ့တော့၊ ဒီအမှားတွေ ဆက်မမှားကြဘဲနဲ့ အဲဒီအမှားတွေကို ရှောင်ကြဉ်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ထူထောင်ကြဘို့ သြ၀ါဒပေးရင်း ငါ့ရဲ့ သြ၀ါဒကထာကို နိဂုံးချုပ်ပါတယ်။

.....................................

Credit To : မစိုးရိမ်တိုက်သစ် မဟာအောင်မြေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...