ဧဒင်အချစ်ပုံပြင်: ထိုင်းငါးဖမ်းလှေပေါ်က ရက်စက်မှုအကြောင်း လွတ်မြောက်လာသူများ ဖွင့်ဟ

Monday 25 March 2013

ထိုင်းငါးဖမ်းလှေပေါ်က ရက်စက်မှုအကြောင်း လွတ်မြောက်လာသူများ ဖွင့်ဟ



ထိုင်းလူမျိုးပိုင် ငါးဖမ်းလှေပေါ်ကနေ ထွက်ပြေးလွတ်မြောက်လာ သူ မြန်မာအမျိုးသား တွေက သူတို့ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ကို ပြန်လည်ပြောပြတဲ့အခါမှာ လခမပေးဘဲ ခိုင်းရုံသာမက ညှဉ်းပန်းနှိပ် စက်ပြီး သတ်ဖြတ်မှုတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုကြပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်အတွင်း ထိုင်းနဲ့ မလေးရှားနယ်စပ်က လူကုန်ကူးမှုတွေနဲ့ နာမည်ကျော်တဲ့ ကတန်မြို့မှာ မြန်မာ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့ (MAT) နဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး လူကုန်ကူးခံထား ရတဲ့ မြန်မာအမျိုးသား ၂၉ ယောက်ကို ကယ်တင်နိုင်လိုက်ပါတယ်။



ပွဲစားက အလုပ်ကောင်းပေးမယ်လို့ လိမ်ခေါ်လာပြီးနောက် ငါးဖမ်းတွေကို အတင်းလိုက်ခိုင်းခဲ့တာလို့ လွတ်မြောက်လာသူ အသက် ၃၂ နှစ်အရွယ် ဦးသန်းထိုက်ဝင်း က ပြောပါတယ်။ ငါးဖမ်းလှေမလိုက်ချင် လို့ ငြင်းဆန်တဲ့ လူတွေကို ပွဲစားက ညှဉ်းပန်းသတ်ဖြတ်တာကို မျက်မြင်တွေ့ခဲ့ရ တယ် လို့ ပြောပြပါတယ်။

“လှေလိုက်ရမယ်ပြောတော့ ကျနော်တို့က လှေလိုက်ဖို့လာတာ မဟုတ်ဘူး၊ ကြက်စည်သွပ်ဘူးတွေ လုပ်ဖို့ ခေါ်လာတာဆိုတော့ ကျနော့်ကို ထိုးကြိတ်တယ်။ သူတို့လုပ်တော့ ကျနော်က လက်နဲ့ကာတာကို သူတို့ ကို ပြန်ခုခံဖို့လုပ်တယ်ဆိုပြီး လက်ဖ၀ါးအောက်ကို ဓားနဲ့ခုတ် လိုက် တာ တော်တော်ကြီးတယ်။ အလုပ်မလုပ်နိုင်လို့ ကမ်းမှာ ၇ လလောက်ကြာ တယ်။ ကျနော့်ရှေ့မှာတင် ထွက်ပြေးဖို့ လုပ်တဲ့သူတွေကို တုတ်နဲ့ရိုက်သတ် တာတို့၊ သေနတ်နဲ့ပစ်သတ်တာတို့။ နောက် မြန်မာတယောက်က လူ ၂ ယောက် ကို ကယ်လိုက်တယ်။ မင်းတို့ဘယ်လမ်းကသွားပေါ့ လွတ်မယ် ဆိုပြီး ကူညီလိုက်တယ်။ အဲဒါကိုသိသွားတော့ သစ်ပင်တ ပင်မှာကြိုးနဲ့ချည်ပြီး သစ်ပင်ပေါ်က ခါချဉ်ကို လူပေါ်ကို ခါချ။ ကိုမျိုးဆိုတဲ့ သူက ဓားမြှောင် နဲ့ဗိုက်ကိုခွဲတယ်၊ နောက် ဘောပင်နဲ့ မီးရှို့ပြီး ဗိုက်ကို ဖယောင်းစက်ချပြီး အဲမှာ ဒဏ်ရာအပြင်းအထန်နဲ့ သေသွားတယ်။ ရက်ရက်စက် စက်တွေ ကို မြင်ခဲ့တာ။”

ထမင်းချက်ဘ၀နဲ့ ကမ်းပေါ်မှာ ၇ လ၊ ငါးဖမ်းလှေပေါ်မှာ ၆ လ နီးပါး အလုပ်လုပ်ခဲ့ပေမယ့် လုပ်အားခလည်း တခါမှ မရခဲ့ဘူးလို့ ဦးသန်းထိုက်ဝင်း က ပြောပါတယ်။ သူနဲ့ ဘ၀တူ နောက်တယောက်ကတော့ အသက် ၄၂ နှစ်အရွယ် တောင်ငူသား ဦးဇော်မျိုးလွင်လည်း ၁ နှစ်ကျော် လှေ လိုက်ခဲ့ပေ မယ့် လုပ်ခ မရဘူးလို့ ပြောပါတယ်။

လုပ်ခတောင်းတဲ့သူနဲ့ လုပ်ဖော်ကိုင်ဖက်တယောက်ကို ကမ်းကပ်တဲ့အခါမှာ ပွဲစားက ညှဉ်းပန်းပြီး သတ်ပစ်ခဲ့တဲ့အကြောင်း အခုလို ပြန်ပြောပြပါတယ်။

“အကျီင်္အ၀တ်အစားတွေ၊ ဘောင်းဘီတိုလေးနဲ့ ရိုက်ပုတ်ထုထောင်းနေတာ။ ကျနော်လည်း စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှလုပ်မပေးနိုင်ဘူး။ မင်းသေရမယ်ဆိုပြီး လက်ပြန်ကြိုးတုတ်ပြီး သံကွင်း၊ လှေဆွဲတဲ့ စတီးကြိုးကွင်းတွေနဲ့ ကျောက်ခဲတွေနဲ့ ဆွဲပြီး ရေထဲတွန်းချတယ်။”

မတ် ၁၀ ရက်နေ့မှာတော့ သူတို့စက်လှေ ကမ်းကို ပြန်ကပ်လာတဲ့အချိန်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့ (MAT) အဖွဲ့နဲ့ အဆက်အသွယ်ရပြီး အဲဒီ စက်လှေပေါ်မှာ မြန်မာအမျိုးသား ၁၅ ယောက်လုံး ပြန်လည် လွတ်မြောက်လာကြပါတယ်။

သူတို့ထဲမှာ ၅ လကနေ ၃ နှစ်အထိ စက်လှေပေါ်မှာ အလုပ်လုပ်ခဲ့ပေမယ့် တခါမှ လုပ်အားခ မရကြသူတွေ ဖြစ်ပါတယ်။ မတ် ၂၃ ရက်နေ့မှာလည်း တခြား စက်လှေတစင်းပေါ်က မြန်မာအမျိုးသား ၁၄ ယောက်ကို ကယ်တင်နိုင်လိုက်တယ်လို့(MAT)အဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။ လူကုန်ကူးမှုတွေ မနှစ်ကထက်တောင် ပိုဆိုးလာနေ တယ်လို့ ပြောပါတယ်။

“၂၀၁၂ ခုနှစ် ၁ နှစ်အတွင်းမှာ ထိုင်းနိုင်ငံအတွင်းမှာ ကျနော်တို့နဲ့ တခြားပူးပေါင်းအဖွဲ့တွေ ပေါင်းလုပ်တာနဲ့တင် လူကုန်ကူးမှုပေါင်း ၁၉ မှု၊ အဲမှာ ၂၉၂ ယောက် ကယ်လိုက်နိုင်တယ်။ အရင်နှစ်တွေက ၂-၃ လမှ ၁ ကြိမ်တို့ ၁ လကိုမှ ၁ ကြိမ် ရှိတာ။ အခုက မတ်လအတွင်းမှာကို ကျနော်တို့ အမ်အေတီအနေနဲ့ ၄ မှုရှိပြီ။ အရင်ကထက်များလာတယ်။ အရင်က သူတို့ ထမင်းဝအောင် မစားရတာရယ်၊ တနေ့ကို ၁၈ နာရီကနေ ၂၀ နာရီလောက် လုပ်ရတယ်။ လုပ်အားခ မရတာရယ်၊ နေထိုင်မကောင်းဖြစ်တာရယ် အဲလောက်ပဲ ကြားဖူးတယ်။ အခုက လက်လွတ်စပယ် သတ်ချင်တိုင်း သတ်လို့ရအောင် ဖြစ်နေတယ်၊ အကာအကွယ်မဲ့နေတာတွေ့တော့ အတော် ဆိုး ၀ါးတဲ့ နေရာလို့ ပြောချင်တယ်။” လောလောဆယ်မှာတော့ ၂၉ ယောက် စလုံးကို ကတန်မြို့ရဲစခန်းအချုပ်နဲ့ အကျယ်ချုပ်မှာ ထိန်းသိမ်းထားပါတယ်။ ဦးဇော်မျိုးလွင်က ဒီမှာ မနေရဲတော့ကြောင်းနဲ့ မြန်မာပြည်ပြန်ပြီး တောင် ယာ အလုပ်ပဲ လုပ်ကိုင်စားသောက်တော့မယ်လို့ ပြောပါတယ်

ီDVB

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...