မြိတ်မြို့၊
ဘုတ်ချောင်းကျေးရွာ၊ လူသတ်မှုကို ရဲတပ်ဖွဲ့မှ (၂၄)နာရီအတွင်း
တရားခံဖေါ်ထုတ်၊ လက်နက်ကိုင်ဆောင် သွားလာသူများအား စီမံချက်ဖြင့်
ဖေါ်ထုတ်သွားမည် ◘
၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၉)ရက်၊ ည
(၁၀း၁၅)နာရီအချိန်ခန့်၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဘုတ်ချောင်းရွာ၊
ရွာလယ်လမ်းမတွင် ဘုတ်ချောင်းရွာသား (၅)ဦးနှင့် Clicki အဖြူရောင်
မော်တော်ဆိုင်ကယ် စီးနှင်းလာသူ အမည်မသိ လူငယ် (၃)ဦးတို့
နှစ်ဘက်ရန်ဖြစ်ကြရာမှ ဆိုင်ကယ်စီးလူငယ်တစ်ဦးက ဘုတ်ချောင်းရွာသား
ထက်မြက်အောင်အား ဓါးဖြင့်ထိုးကာ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ရာ
ထက်မြက်အောင်မှာ မြိတ်ဆေးရုံကြီးသို့ တင်ပို့ကုသရာမှ (၂၀)ရက်နေ့ နံနက်
(၃း၀၀)နာရီအချိန်ခန့်တွင် ဓါးဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့သည်။
ထိုသေဆုံးမှုအား မြိတ်မြို့၊ မြို့မရဲစခန်းမှ ခရိုင်ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး ရွှေညာမောင်၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦး
တို့၏ ကြီးကြပ်မှုဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဧပြီလ
(၂၀)ရက်နေ့၊ ည (၈း၄၅)အချိန်ခန့် အမှတ် (၁)နယ်မြေရဲကင်း ရဲတပ်သား
ဝင်းထွန်းနိုင်၏ သတင်းရဲရှိ ဖော်ထုတ်ချက်အရ Click I အဖြူရောင်
မော်တော်ဆိုင်ကယ်အား မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပါရမီရပ်ကွက်၊
သစ္စာလမ်းမ၊ အိမ်အမှတ် (မ/၁၆၅၂)နေ ပြည့်စိုးအောင် ဆိုသူမှ အခင်းဖြစ်ပွားရာ
ဘုတ်ချောင်းကျေးရွာအတွင်း စီးနှင်းမောင်နှင်သွားကြောင်း သိရှိရ၍
ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၏
ကြိုးပမ်းမှုကြောင့် စုံစမ်းဖမ်းဆီးရမိသဖြင့် ပြည့်စိုးအောင်၏ ၀န်ခံချက်အရ
၎င်းနှင့်အတူ မျိုးဇာနည်မြင့်၊ ဘိုဘိုအောင် (ခ) အာနိုးတို့ပါဝင်ကြောင်း
စစ်ဆေးရရှိခဲ့သည်။ စစ်ဆေးချက်အရ ၄င်းတို့ လူငယ် (၃)ဦးနှင့်
ဘုတ်ချောင်းကျေးရွာ လူငယ် (၅)ဦးတို့မှ နှစ်ဘက်ရန်ဖြစ်ရာ သေဆုံးသူ
ထက်မြက်အောင် အား ပြည့်စုံအောင်မှ အရိုးအသွား (၆)လက်မရှိ
မောင်းနှိပ်ဓါးဖြင့် တစ်ချက်ထိုးခဲ့ကြောင်း စစ်ဆေးဖေါ်ထုတ်ရရှိခဲ့သည်။
ထိုအမှုနှင့်ပတ်သက်၍ ပထမဦးစွာ မြို့မ ရဲတပ်ဖွဲ့စခန်းမှ ပြစ်မှုဆိုင်ရာ
အမှုအမှတ် (၁၉၁/၂၀၁၃)၊ ပုဒ်မ (၃၂၆)၊ ပုဒ်မ (၁၁၄)ဖြင့်
အရေးယူဆောင်ရွက်ခဲ့သော်လည်း ပြည့်စုံအောင်မှာ သေဆုံးသွားခဲ့သဖြင့် အမှုအမှတ်
(၁၉၁/၂၀၁၃)၊ ပုဒ်မ (၃၀၂)ဖြင့် ပြောင်းလဲ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
ယင်းသို့ လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာတွင် ဒုတ်၊ ဓါး၊ လက်နက်များ
သယ်ဆောင်၍ အသက်သေဆုံးစေသည်အထိ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရေးအတွက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊
မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုများ ပူးပေါင်းကာ ရပ်ကွက်/ကျေးရွာအတွင်း
ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်၍ ဒုတ်၊ ဓါး အစရှိသော လူကို
အန္တရာယ်ဖြစ်စေတတ်သည့် လက်နက်များ ကိုင်ဆောင်သူများအပေါ် လက်နက်ဥပဒေဖြင့်
အရေးယူဆောင်ရွက်ရန် စီမံချက်ချ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
မြိတ်ပုလဲမြေ
ယင်းသို့ လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာတွင် ဒုတ်၊ ဓါး၊ လက်နက်များ သယ်ဆောင်၍ အသက်သေဆုံးစေသည်အထိ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုများ ပူးပေါင်းကာ ရပ်ကွက်/ကျေးရွာအတွင်း ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်၍ ဒုတ်၊ ဓါး အစရှိသော လူကို အန္တရာယ်ဖြစ်စေတတ်သည့် လက်နက်များ ကိုင်ဆောင်သူများအပေါ် လက်နက်ဥပဒေဖြင့် အရေးယူဆောင်ရွက်ရန် စီမံချက်ချ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment