
ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသည့် အွန်လိုင်းလူမှုကွန်ရက်များတွင် လူချင်းမျက်နှာချင်းဆိုင် မတွေ့ရသဖြင့် အားနာမှုနည်းကြသလို၊ တစ်ဦးနှင့်တစ်ဦးလေးစားမှုလည်း နည်းကြသဖြင့် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမှုများ တိုးပွားလာကာ အွန်လိုင်းတွင် မိတ်ပျက်ရာမှတစ်ဆင့် လက်တွေ့ဘဝတွင်ပါ မိတ်ပျက်မှုများ ယခု နောက်ပိုင်း တိုးပွားသထက် တိုးပွားလာကြောင်း အမေရိကန်နိုင်ငံတွင် ပြုလုပ်ထားသော စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
စစ်တမ်းပါဝင်သူများ၏ ငါးယောက်တွင် နှစ်ယောက်သည် အွန်လိုင်းပေါ်တွင် တစ်ဖက်သားကို ရိုင်းစိုင်း စွာဆက်ဆံမှုကြောင့်.....
မိတ်ပျက်ကြရကြောင်း စစ်တမ်းအရသိရသည်။ စစ်တမ်းတွင် ၂၆၉၈ ဦးက သဘောထားဖြေဆိုထားကြသည်။ ၎င်းတို့အနက် ၇၈ ရာခိုင်နှုန်းသည် ပြင်ပတွင်ယဉ်ကျေးစွာ ဆက်ဆံ ကြသော်လည်း ဖေ့ခ်ဘွတ်ခ်ကဲ့သို့ နေရာမျိုးတွင်မူ ယဉ်ကျေးမှုစံနှုန်းများ လျော့ပါးစွာပြုမူ ပြောဆိုနေ ကြကြောင်းလည်း သဘောထားစစ်တမ်းအရ သိရသည်။
စစ်တမ်းပါဝင်သူ ငါးယောက်တွင် တစ်ယောက်သည် ပြင်ပတွင် သိကျွမ်းသူများနှင့် အွန်လိုင်းတွင် ရန်ဖြစ်ပြီး ပြင်ပတွင်ပါ မိတ်ပျက်ကြရကြောင်း သိရသည်။ အွန်လိုင်းတွင်ရန်ဖြစ်ပြီး အွန်လိုင်းတွင် ဘလော့လုပ်သူ၊ မိတ်ဆွေစာရင်းမှဖယ်ထုတ်သူကလည်း စစ်တမ်းတွင် ပါဝင်သူ၏ ၁၉ ရာခိုင်နှုန်းကျော် ရှိကြောင်းသိရသည်။ လုပ်ငန်းအကြံပေးအတိုင်ပင်ခံနှင့် လုပ်ငန်းခွင် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးနေသော VitalSmarts ကုမ္ပဏီက စစ်တမ်းကောက်ယူထားခြင်း ဖြစ်သည်။
ဖေ့စ်ဘွတ်ခ်၊ တွစ်တာစသည့် လူမှုကွန်ရက်စနစ်များ ဖွံ့ဖြိုးလာမှုကြောင့် အွန်လိုင်းမှတစ်ဆင့် မိတ်ဆွေ သစ်များ ရရှိလာကြသည်နှင့်တစ်ပြိုင်နက် တစ်ဖက်တွင်လည်းရှိပြီးသား မိတ်ဆွေများနှင့် မိတ်ပျက်ခြင်း များတိုးပွားလာနေကြောင်း စစ်တမ်းက ထောက်ပြသည်။ အဓိကအကြောင်းရင်းမှာ အွန်လိုင်းပေါ်တွင် လူသားများ ယဉ်ကျေးမှု လျော့ပါးလာကြခြင်းကြောင့်ဖြစ်ကြောင်း စစ်တမ်းက ကောက်ချက်ချသည်။
Source: Reuters
The Messenger Journal
Category: မောက္ခနိုင်ငံတကာသတင်း
- Published on Sunday, 21 April 2013 12:57
- Written by သန်းထိုက်စိုး
No comments:
Post a Comment