ဧဒင်အချစ်ပုံပြင်: ပါဖောမန့် အဆိုတော်၊ အာခေါင်ခြစ်အော်တဲ့ အဆိုတော်တို့ရဲ့ သင်္ကြန်လား

Wednesday 24 April 2013

ပါဖောမန့် အဆိုတော်၊ အာခေါင်ခြစ်အော်တဲ့ အဆိုတော်တို့ရဲ့ သင်္ကြန်လား

Photo: ပါဖောမန့် အဆိုတော်၊ အာခေါင်ခြစ်အော်တဲ့ အဆိုတော်တို့ရဲ့ သင်္ကြန်လား
Thursday ,April25 ,2013

ဘာလိုလိုနဲ့ သင်္ကြန်ပြီးတာ ၆ ရက်ကျော် ၇ ရက်တောင်ရှိသွားပြီ။ သင်္ကြန်ပြီးသွားပေမယ့် သင်္ကြန်ရဲ့ အငွေ့အသက်တွေက ကျန်နေတုန်း။ တီဗီဖွင့်ကြည့်တော့လည်း သင်္ကြန်မြင်ကွင်းတွေ၊ သင်္ကြန်အင်တာဗျူးတွေနဲ့ သင်္ကြန်သီချင်းတွေက လာနေတုန်း။

သင်္ကြန်တတွင်းလုံးလည်း အိမ်ပြင်ထွက်စရာမလိုဘဲ တီဗီဖွင့်ရင်း သင်္ကြန်ပုံရိပ်တွေကို တိုက်ရိုက်ကြည့်ခဲ့ရတယ်။ သင်္ကြန်ကို အပြင်ထွက်လည်ရတာ မဏ္ဍပ်ပေါ် မူးယစ်နေရတာလည်း မကြိုက်တဲ့သူဆိုတော့ အိမ်မှာပဲ စာအုပ်ဖတ်၊ရေနွေးကြမ်းသောက်၊ တီဗီကြည့် ဒါပဲရှိတော့တာပဲလေ။ ညနေပိုင်း ရေပက်ချိန် ကျော်သွားမှ မြို့တော်ခန်းမ မဏ္ဍပ်၊ မိုင်ဒါကွင်းမဏ္ဍပ်၊ ရွှေ FM မဏ္ဍပ်တွေကို လိုက်ကြည့်ခဲ့တယ်။ ကျန်တဲ့ အချိန်တွေကတော့ အိမ်မှာပဲ တီဗီဖွင့် ချယ်နယ်
ပေါင်းစုံ ပြောင်းကြည့်ရင်းနဲ့ တနေကုန်သွားရတဲ့နှစ်လို့ ပြောရမယ်။

မဏ္ဍပ်တွေကို တိုက်ရိုက်လွှင့်ပြီး ပြနေတဲ့ ချယ်နယ် ၃ ခုလောက်ရှိတယ်။ တခြား ချယ်နယ်တွေလည်း ဖွင့်လိုက်တာနဲ့ သင်္ကြန်မြင်ကွင်း တွေချည်းပဲမို့ နေပူခံ၊ ငွေကုန်ခံပြီး ထွက်ကြည့်စရာမလိုဘဲ၊ မဏ္ဍပ်တွေပေါ်က ဖျော်ဖြေမှုကို ကြည့်ရတာပေါ့။

ဒီနှစ် သင်္ကြန်တော့ အစုံပါပဲ၊ Channel – 7 က လွှင့်တဲ့ မိုင်ဒါကွင်းထဲက သင်္ကြန်မြင်ကွင်း၊ မြ၀တီက တိုက်ရိုက်လွှင့်တဲ့ ရန်ကုန်မြို့တော်ခန်းမ သင်္ကြန်မြင်ကွင်း ၂ ခုကိုတော့ အချိန်ပြည့် နီးပါး ခလုတ်တွေဟိုနှိပ် ဒီနှိပ်နဲ့ ကြည့်ဖြစ်ခဲ့မိတယ်။

သင်္ကြန်ပြီးသွားတာ တပတ်ပြည့်မှ တီဗီလိုင်းတွေကနေ သင်္ကြန်ဖျော်ဖြေမှုတွေ ပြန်ကြည့်ရင်း အဆိုတော် အသစ်တွေ အကြောင်း စာရေးချင်စိတ်တွေ ပေါ်လာတော့တယ်။ သင်္ကြန်တတွင်းလုံးလည်း သူတို့နဲ့ပဲ နှစ်ပါးသွားခဲ့ရတာကိုး။ သင်္ကြန် မဏ္ဍပ်တွေပေါ်က တက်သစ်စ အဆိုတော် ကလေးတွေ ဖျော်ဖြေတာတွေကို ကြည့်ပြီး တချိန်လုံး အသည်းတယားယား ရှိလှတယ်။ အခုခေတ် ၀တ်စားဆင်ယင်မှု တွေကိုတော့ အထူးတလည် မဝေဖန်ချင်တော့ပါဘူး။

အဆိုတော်ဖြစ်ချင်တဲ့ သူတွေ ဒ်ီခေတ်ကြီးထဲမှာ ပေါများသား။ အခု တီဗီမှာ မြင်နေရတဲ့ အဆိုတော်ကို နာမည်ဘယ်သူလဲ ဆိုတာတော့ မသိဘူး၊ သူဆိုနေတဲ့ သီချင်းကတော့ တင်ဇာမော်ရဲ့ ပထမခြေလှမ်း၊ သူ့ကြည့်ရတာ Rock သီချင်းဆိုရင် အသံ မာနေရမယ်လို့ ထင်ထားပုံရတယ်။ အသံကို ညှစ်ညှစ်ပြီး ဆောင့်အော်နေရှာတယ်။ ၀တ်စားထားတာကလည်း အခုခေတ် စကားအရ လန်ထွက်နေပါတယ်။ ခက်တာက အသံကျူနင်တွေ ယိုင်ပြီး ပါဖောမင့်ကို ဦးစားပေးနေတဲ့ သူ့ကိုကြည့်ရင်း လည်ချောင်းထဲ ယားသလိုလို ဖြစ်လာတယ်။ သူ့ပုံစံကတော့ ကိုယ့်ကိုယ်ကိုယ် လုံးဝ ယုံကြည်စိတ်ချမှု အပြည့်ပါပဲ။
သီချင်းပြီးတော့ အခုခေတ်ထုံးစံ အတိုင်း “အဆင်ပြေလား ပရိသတ်ကြီး။ လက်ခုပ်သံ ကြားချင်တယ်၊ နောက်နေ့ လည်းကဲမယ်” ဆိုပြီးတောင် ပြောသွားလိုက် ပါသေးတယ်။

သူ့ကိုကြည့်ပြီး မတ်လကုန် လောက်တုန်းက မင်္ဂလာ ညစာစားပွဲ တခုမှာ တွေ့ရတဲ့ အဆိုတော်ကြီး ကိုခိုင်ထူးပြောတဲ့ စကားတောင် သတိရမိ လိုက်ပါသေးတယ်။

“လောကမှာ ရိုးသားမှုက အဆန်းပြားဆုံး ဒီဇိုင်းကို ပေးမှာပဲ။ ပါဖောမန့်ဆိုတာ ရှိသင့်ပါတယ်။ ဒါပေမယ့် အဆိုတော်ဖြစ်ချင်တဲ့ သူက ကိုယ့်ရဲ့ အသံကိုတော့ အရင်ဆုံး ပြည့်စုံအောင် လုပ်သင့်တယ်” ဆိုတဲ့ ကိုခိုင်ထူးရဲ့စကား ကြားယောင်ပြီး ပြုံးမိတယ်။

နောက်ထပ် အဆိုတော် မိန်းကလေးတယောက် ထပ်တက်လာတယ်။ ဆံပင်အ၀ါရောင်နဲ့ သူက စီလင်းဒီယွန်ရဲ့ “My heart will go on” သီချင်းကို ဖျော်ဖြေနေတယ်။ သူ့ရဲ့ ဖျော်ဖြေမှုကို ရန်ကုန်က စင်တင်ပွဲ တခုမှာ ကြုံတွေ့ဖူးပါတယ်။ တကယ့်ရော့ခ် အပြင်းစား ဖြစ်အောင် အသံကိုလုပ်ပြီး ကြိုးစားသီဆိုနေတာ တွေ့ခဲ့ရတယ်။ အခု ဒီသီချင်း ဆိုရာမှာတော့ အသံသေးသေးလေးနဲ့ တုန်ခါတုန်ခါ ပြီး Vibration ထည့်ဆိုနေတာ ကြားရတယ်။ လိုက်ဖ် လွှင့်တဲ့ ရှိုးဖြစ်လို့ အသံကျူနင် အနည်းငယ် ယိုင်တာကတော့ ကမ္ဘာကျော် အဆိုတော်ကြီးတွေမှာတောင် ရှိပါတယ်။ မနေ့ညကပဲ Avril Lavinge ရဲ့ လိုက်ဖ်ရှိုး အခွေဟောင်းကို ဖွင့်ကြည့်တော့ သူတောင် ကျူနင် နည်းနည်းဝဲနေသေးတာပဲ။ ဒါ live ပဲလေ။ အားလုံးတော့ Perfect ဘယ်ဖြစ်မလဲ။ လွှင့်တဲ့ Sound System ကွာလတီ အကောင်းအဆိုး ကလည်း ရှိသေးတာကိုး ။ဒါပေမယ့် ဒီအဆိုတော်မလေး ဒီလိုပုံမှန် အသံလေးနဲ့ အမြဲတမ်း ဆိုနိုင်ရင်တော့ သူ့အတွက် ပိုပြီး ကောင်းမှာပါလို့ တွေးမိတယ်။

ဒီနှစ် သင်္ကြန်စင်ပေါ် တက်လာသမျှ အဆိုတော်တွေကို ကြည့်နေတာ ရော့ကာတွေချည်း ဖြစ်နေပါလား။ ရော့ခ် တခေတ် ပြန်ဆန်းသစ်မှာလား။ ရော့ခ်သီချင်း ဆိုနိုင်ရင် ဂီတလောကမှာ ဆရာဖြစ်ပြီပဲ ထင်ကြတာလား။ ရော့ခ်ဆိုတာဘာလဲ သေချာ ရော သိကြရဲ့လား မေးချင်နေမိတယ်။

စင်ပေါ် စတက်လာကတည်းက “မင်္ဂလာပါ” ဆိုတဲ့ အာခေါင်ခြစ်သံကြီးနဲ့ အော်လိုက်တာ အောက်က ပရိသတ်တော့ မသိဘူး။ တီဗီက တဆင့်ကြည့်နေတဲ့ လူတောင် မင်္ဂလာမရှိဘဲ သွေးနထင် ရောက်ရောက် သွားတယ်။

ပရိသတ် စိတ်ဝင်စားအောင်လုပ်တဲ့ သဘော ဆိုတာကို နားမလည် ကြတာလား။ ဒီလိုအော်ပြီး တက်လာလို့ ပရိသတ်က စိတ်ဝင်စားပါပြီ ထားဦး၊ သီချင်းစဆိုတာနဲ့ ကျူနင်တွေက ယိုင်တိုင်တိုင်၊ ယမကာလေးလည်း နည်းနည်း သောက်ထားတဲ့ အတွက် ခြေလှမ်းကလည်း ယိုင်တိုင်တိုင်၊ အာခေါင်ခြစ်သံနဲ့ သီချင်းကို ကုန်းအော်နေတော့ ကြားရသူတွေမှာလည်း နားဝင်ပီယံ မဖြစ်ပါဘူး။ နိုင်ငံခြားက Avenged SevenFold တို့ Dream Theater တို့လို Progressive ဂီတလိုမျိုး ဆန်းသစ်ထားတဲ့ သီချင်းပုံစံလည်း မဟုတ်၊ ရိုးရိုးသီချင်းကိုပဲ အာခေါင်ကွဲအောင် အော်နေကြတယ်။ ဒါကို နားထောင်ရတာ Crush Tone တော့ မဟုတ်ပါဘူး၊ လူငယ်တွေ တလွဲဆံပင်လိုက်နေကြတယ်လို့ပဲ ထင်မိတယ်။

၁၉၉၀ လောက်တုန်းက ရော့ခ်ဂီတမှာ ခေတ်စားခဲ့တာ ဇော်ဝင်းထွဋ်ပေါ့။ ၁၉၉၁ လောက်မှာ ရဲသွင် တက်လာခဲ့တယ်။ အမျိုးသမီးတွေ ထဲမှာလည်း ကော်နီက ရော့ခ်သီချင်းတွေ ဆိုခဲ့တယ်။ သီချင်းတွေ ပေါက်ခဲ့သလို သူတို့ရဲ့ ထူးခြားတဲ့ ပင်ကိုသံနဲ့ စင်မြင့်ဖျော်ဖြေမှု စတိုင်တွေက ပရိတ်သတ်အတွက် အားကျစရာ၊ လက်ခံချင်စရာ ဖြစ်လာခဲ့တယ်။

ကော်နီဆိုတာလည်း ဒီလိုအောင်မြင်တဲ့ ဘဝကိုရဖို့ ဆယ်ကျော်သက် ဘဝနဲ့ စခဲ့ရတာပဲလေ။ အဆိုပြိုင်ပွဲတွေ ဆိုတာက အခုမှ ပေါ်ပေါက်လာတာမှ မဟုတ်တာ၊ LPJ တေးဂီတက ကျင်းပတဲ့ အဆိုပြိုင်ပွဲမှာ ကော်နီ၊ ခင်မြတ်မွန်နဲ့ ထွန်းအိန္ဒြာဗိုတို့ ၃ ယောက် ရွေးချယ် ခံခဲ့ရတယ်။ LPJ ရဲ့ ပင်တိုင်အဆိုတော် ဘဝကနေ သူတို့ သင်သင့်တာ သင်ယူ၊ လေ့လာသင့်တာ လေ့လာ ခဲ့လို့ အခုအချိန်အထိ ဝါရင့်အဆိုတော်တွေ နေရာမှာ ရပ်တည်နိုင်တာပါ။ ပေါ်ပင် အဆိုတော်တွေ အတွက် ဂီတလောကမှာ ရာသက်ပန် ခြေချစရာ မြေမရှိပါဘူး။

၁၉၉၀ အရှေ့က ကိုယ်ပိုင်သံစဉ် ဆရာကြီးတွေကို ထည့်ပြောရရင် ဒီဆောင်းပါးက အခန်းဆက်ဖြစ်တော့မှာမို့ မပြောတော့ပါဘူး။ အားလုံးသိပြီးသားပါ။ ၁၉၉၀ ကျော်လောက်က ဆိုရင် ဂျက်ဇ်နဲ့ ပေါပ့် သီချင်းတွေကို ကွယ်လွန်သူ ကိုထူးအိမ်သင်က ဆိုခဲ့တယ်။ ရဂေး ဂီတနဲ့ စခဲ့တာ ကိုချစ်ကောင်းပေါ့၊ ပေါ့ပ်သီချင်းတွေနဲ့ ပေါက်ခဲ့တာ မေဆွိ၊ ကန်းထရီး သီချင်းတွေပဲ ဆိုခဲ့တာ မီမီဝင်းဖေ … ကဲ သူတို့ တတွေက အခုအချိန်ထိ ဂီတလောကမှာ သရဖူ ဘာလို့ဆောင်းထားကြတာလဲ။ အဆိုတော် တယောက်မှာ ကိုယ်ပိုင် အသံ၊ ကိုယ်ပိုင်ဟန်ဆိုတာ သိပ် အရေးကြီးတယ် ဆိုတာ ရှေ့က လူကြီးတွေလည်း ပြခဲ့ပြီ။ အဲဒီလို ကိုယ်ပိုင်အသံ ထူးခြားမှုရှိတဲ့ အဆိုတော်ဟာ ပရိသတ် စိတ်ဝင်စားမှုကို ပထမဆုံး ခံရမယ်။ သူ့ရဲ့ ကြိုးစားမှု၊ ပညာ ပါရမီကြောင့် နောက်ပိုင်းအောင်မြင်မှုဆိုတာ ခံစားရမယ်။ အခုခေတ် လူငယ်တွေကတော့ ပင်ကိုအသံကို ဖျောက်ပြီး တော့တောင် သူများအသံကိုတု၊ သူများ ပါဖောမန့်ကိုခိုး၊ ကိုယ့်အသံကိုတောင် သေချာခိုင်အောင် မလုပ်ကြသေးဘဲ ခရက်ရှ် သံတွေကို ကုန်းအော်၊ ကီးတွေက ချော်၊ ဘားတွေကျိုးပြီး စိတ်ပျက်စရာ ကောင်းလှပါတယ်။

အနုပညာလောက ပျက်စီးစပြုလာတာလားဆိုတဲ့ စကားပြောတော့ ခေတ်ကို မျက်ချည်ပြတ်နေသလို ထင်ကြမယ်။ ဂီတမြစ် ရေကြောမှာ မျောလာတဲ့ ရေစီးကြောင်း တွေကတော့ အသစ်အသစ်တွေ လာမှာပဲလေ။ စီဒီတွေ၊ မန်မိုရီ စတစ်တွေ၊ အိုင်ပေါ့တွေ ခေတ်စားလာတဲ့ အချိန်မှာ Band နဲ့မဆိုဘဲ စီဒီနဲ့ပဲ အများစုက ဆိုလာကြတာ တွေ့ရတယ်။ Bandနဲ့ဆိုဖို့ ခဲယဉ်းတဲ့ သီချင်းတွေ၊ သီချင်းအသစ်မို့ အတီးသမားတွေ မကြားဘူးလို့၊ တချို့ အတီးသမားတွေက တီးတာ အဆင်မပြေလို့ စသည်ဖြင့် စီဒီတွေနဲ့ ဆိုလာကြတယ်။ ဒီအထိလည်း လက်ခံပေးလို့ ရပါတယ်။ ဒါပေမယ့် အဆိုသံကိုပါ မဖျောက်ဘဲ စီဒီဖွင့်ပြီး စင်ပေါ်တက်၊ Play Back လုပ်နေကြ တာကတော့ ပရိသတ်ကို စော်ကားလွန်းပြီ ထင်ပါတယ်။

ကြိုတင်ပြင်ဆင်မှုဆိုတာ ဆံပင်ပေါင်းတင်ဖို့၊ မျက်နှာ အဆိပ်ထုတ်ဖို့၊ စပွန်ဆာ လက်ချိတ်ပြီး အဝတ်အစား သွားဝယ်ဖို့၊ အဲဒီလောက်ပဲ ထင်နေကြတဲ့ အဆိုတော် အသစ်တွေက ကိုယ့်အသံဖွင့်ပြီး ဆိုမယ့် စီဒီခွေကိုတော့ စစ်ဆေးမှု မပြုကြတာ အံ့သြစရာပဲ။ ကြိုတင်မပြင်ဆင် ကြဘူး ထင်ပါတယ်။ စီဒီက ထစ်နေပြီး ခွေးအလှည်းနင်းသလို အထစ်အထစ်၊ အဆိုသံ ကြီးကလည်း အထစ်ထစ် အငေါ့ငေါ့နဲ့ ထွက်လာရော အောက်က ပရိသတ် ကလည်း ဝါးကနဲဟားကြတော့ အရှက်တွေ ဗြန်းဗြန်း ကွဲကြပြန်ရော။

အခုဆိုရင် ရုပ်သံလိုင်းတွေလည်း အများကြီး ပေါ်ပေါက်လာပြီ။ ကမ္ဘာ့အဆင့် မမီသေးပေမယ့် အရင်ကထက် စာရင်တော့ အဆိုးထဲက အကောင်း ဖြစ်လာတာကို ကြိုဆိုရမှာပါ။ ချယ်နယ်တိုင်း မှာလည်း ကိုယ်ပိုင် အဆိုတော်တွေ၊ သရုပ်ဆောင် သစ်တွေနဲ့၊ အစီအစဉ်အသစ်တွေ တင်ဆက်နိုင်အောင် ကြိုးစားနေကြတယ်။ အဲဒီက မွေးထုတ်တဲ့ အဆိုတော်သစ်တွေ၊ သရုပ်ဆောင်သစ်တွေ ကလည်း ကိုယ့်ချယ်နယ်ကို သိက္ခာမကျအောင် ထိန်းသင့်ပါတယ်။ အဆိုပြိုင်ပွဲတွေ ကနေ အောင်မြင်နေတဲ့ ချမ်းချမ်း၊ နီနီခင်ဇော်တို့လို အဆိုတော်တွေရဲ့ အရည်အချင်းတွေကိုတော့ အသိအမှတ် ပြုမိပါတယ်။

ဒါပေမယ့် အဆိုပြိုင်ပွဲတွေမှာ ဆုလေးရပြီး အောင်မြင်တာ မအောင်မြင်တာထား၊ ကိုယ့်မှာ ပညာ ဘယ်လောက် ရှိတာ မရှိတာထား၊ လောလောဆယ် ပရိသတ်က နည်းနည်းသိနေပြီ ဆိုရင်ကိုပဲ တော်လောက်ပြီ၊ ငါ အဆိုတော်ဖြစ်ပြီလို့ ထင်နေကြပုံ ရတဲ့သူတွေ များနေတာကတော့ စဉ်းစားစရာပါ။ ပွဲက ဆိုဖူးတာ ၁၀ ပွဲ မပြည့်သေးဘူး။ စင်အောက်မှာ ဘီယာဗူးလေးတွေ ကိုင်လို့၊ ဘယ်သူ့ကို မှလည်း ဂါရဝတရား မထား ကြတာတွေ မြင်နေရတာလည်း တော်တော်ဆိုးပါတယ်။ တခါကလည်း မင်္ဂလာဆောင် ဧည့်ခံပွဲ တခုမှာ ဂျေညီညီ၊ မိုခမ်း တို့က တီးဝိုင်း စင်မြင့်ဘေးက စားပွဲဝိုင်းမှာ ထိုင်လို့ပေါ့။ အဆိုပြိုင်ပွဲတခုက ဆုရထားတဲ့ အဆိုတော်မလေး တယောက်က ဝင်လာပြီး စားပွဲက လူတွေကို တစ်ယောက်ချင်း ကြည့်တယ်၊ ပြီးတော့ “အဆိုတော်တွေက ဘယ်မှာလဲဟင်” … တဲ့။

ကြားရတာ နားဝမသက်သာလို့ ညည်းရတော့မယ် ထင်ပါရဲ့။ တခေတ်တခါက အောင်မြင်ခဲ့တဲ့ အဆိုတော်တွေကို မသိတာလား၊ အသိအမှတ် မပြုတာလား မေးလို့ရရင် မေးကြည့်ချင်တယ်။

အနုပညာလောက အရည်အချင်းပြည့်ပြည့် ဆက်ပြီး ရှင်သန်ဖို့ လူငယ်တွေမှာ တာဝန်ရှိကြပါတယ်။ အသက်ကြီးသွားတဲ့ အနုပညာရှင်တွေက နေရာမဖယ်ပေးချင်လို့ လက်ရှိလူသစ်တွေကို လက်မခံနိုင်တာလည်း မဟုတ်ပါဘူး။ သူတို့ခေတ်က ရခဲ့တဲ့ သင်ခန်းစာ၊ ကျားကုတ်ကျားခဲ ယူခဲ့ရတဲ့ ပညာတွေလို တန်ဖိုးထားစေချင် ကြတာပါ။ အခုခေတ်မှာ ပညာတွေ ဆည်းပူးဖို့ လွယ်ကူနေတဲ့ အတွက်လည်း လက်လွတ်စံပယ် မဖြစ်စေချင်ကြတာ ဖြစ်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်အဆင့်မှာ ရှိလဲ ဆိုတာကို အားလုံး စိစစ်စေချင်ပါတယ်။

အနုပညာဆိုတာ လူတွေရဲ့ စိတ်ကို အမောပြေစေဖို့ ဖျော်ဖြေရေး တခုလည်း ဖြစ်တဲ့အတွက် ခံစားရသူတိုင်း အတွက် သာယာနာပျော်ဖွယ် ကောင်းပြီး အချိန်ပေး ခံစားရတာနဲ့ ထိုက်တန်အောင် တင်ဆက်မယ် ဆိုရင်ပဲ အနုပညာသမားတွေအဖို့ တာဝန်တခု ကျေပွန်နေပါပြီ။ တက်သစ်စ အနုပညာရှင်တွေအားလုံး အနုပညာကို၊ ဂီတကို အမှန်တကယ် ချစ်မြတ်နိုးသူတွေ ဖြစ်လာစေဖို့ပဲ ဆန္ဒပြုလိုက်ပါတယ်။
ဧရာဝတီဘာလိုလိုနဲ့ သင်္ကြန်ပြီးတာ ၆ ရက်ကျော် ၇ ရက်တောင်ရှိသွားပြီ။ သင်္ကြန်ပြီးသွားပေမယ့် သင်္ကြန်ရဲ့ အငွေ့အသက်တွေက ကျန်နေတုန်း။ တီဗီဖွင့်ကြည့်တော့လည်း သင်္ကြန်မြင်ကွင်းတွေ၊ သင်္ကြန်အင်တာဗျူးတွေနဲ့ သင်္ကြန်သီချင်းတွေက လာနေတုန်း။

ဧရာဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...