ဧဒင်အချစ်ပုံပြင်: ကွင်းလယ်ဒိုင် ဓားထိုးခံရ၍ နားထားသော စစ်ကိုင်းဘောလုံးပြိုင်ပွဲ ပြန်လည် ကျင်းပမည်

Tuesday 18 June 2013

ကွင်းလယ်ဒိုင် ဓားထိုးခံရ၍ နားထားသော စစ်ကိုင်းဘောလုံးပြိုင်ပွဲ ပြန်လည် ကျင်းပမည်


ဇေယျာရွှေမြေ ဘောလုံးကွင်း၌ ကစားသည့် အရာတော်မြို့နယ် အသင်းနှင့်
အင်းတော်မြို့နယ် အသင်းတို့၏ အုပ်စုပတ်လည် ပြိုင်ပွဲတွင် ကွင်းလယ် ဒိုင်လူကြီးကို ပရိသတ်က ဓားဖြင့်ထိုးရန် ကြံရွယ်ခဲ့မှုကြောင့် ရပ်နား ထားခဲ့သည့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၅ ရက်နေ့တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံက ပြောကြားသည်။



အရာတော်အသင်းနှင့် အင်းတော်မြို့နယ်အသင်းတို့ မေလ တတိယပတ် အတွင်း ယှဉ်ပြိုင်ကစားရာ အင်းတော်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ သည်ကို ကွင်းလယ်ဒိုင် ဦးထွေးမောင်မောင်၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ် သည့် အရာတော်မြို့နယ် အသင်း ပရိသတ်တစ်ဦးက ဓားဖြင့်ထိုးရန် ကြံရွယ်ခဲ့သည့်အတွက် ရှုံးထွက်အဆင့် ပွဲစဉ်များကို ရပ်နားထားခဲ့ခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။

ယင်းပြိုင်ပွဲ၏ အုပ်စုပတ်လည် ပြိုင်ပွဲများကို ဇေယျာရွှေမြေ ဘောလုံးကွင်း၊
မြို့သစ် ဘောလုံးကွင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဘောလုံးကွင်း၊ ဘုတလင်မြို့နယ် ဘောလုံးကွင်းတို့တွင် မေလ တတိယပတ်က ကျင်းပခဲ့ရာ ရှုံးထွက် ပွဲစဉ်အဆင့် ပြိုင်ပွဲများကို ဆက်လက် ကျင်းပခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဗိုလ်လုပွဲကို ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ မြန်မာ နေရှင်နယ် လိဂ်ပြိုင်ပွဲဝင် ဇေယျာရွှေမြေအသင်းက ပထမ ဆုကျပ်ငါးသိန်း၊ ဒုတိယဆုကျပ်သုံးသိန်း၊ တတိယဆုနှင့် စတုတ္ထဆု ရရှိသည့် အသင်းများကို ကျပ်ငါးသောင်းစီ ချီးမြှင့်မည်ဖြစ်ကြောင်း ဇေယျာရွှေမြေအသင်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

"ဒီအဆင့်မှာ တစ်ပွဲချင်းစီက အကောင်းဆုံး ကစားသမားဆု ကျပ်နှစ်သောင်း၊ ပြိုင်ပွဲတစ်လျှောက် နေရာအလိုက် အကောင်းဆုံး ကစားသမားဆုအတွက် ကျပ်နှစ်သောင်းစီ ပေးမယ်" ဟု ၎င်းက ဆိုသည်။

အရာတော်အသင်းကို ပြိုင်ပွဲက ထုတ်ပယ်ခဲ့သည့်အတွက် ခန္တီးအသင်းမှာ ကွာတားဖိုင်နယ် အဆင့်ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်နှင့် နီးစပ်ခဲ့သော်လည်း အုပ်စု ပတ်လည်ပြိုင်ပွဲတွင် နှစ်ပွဲလုံး ရှုံးခဲ့သောကြောင့် တစ်ဖက် အုပ်စုက အနိုင်သုံးမှတ် ရရှိခဲ့သည့် စစ်ကိုင်းမြို့နယ်အသင်းကို ကွာတားဖိုင်နယ် တွင်ကစားရန် ပြိုင်ပွဲကျင်းပရေး ကော်မတီက ရွေးချယ်ခဲ့ကြောင်း ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...