ဧဒင်အချစ်ပုံပြင်: ပြည့်တန်ဆာတစ်ဦး နှင့် ဆက်ဆံကြည့်ခြင်း..(ဟာဂျူလီ-ကသာ)

Friday 23 August 2013

ပြည့်တန်ဆာတစ်ဦး နှင့် ဆက်ဆံကြည့်ခြင်း..(ဟာဂျူလီ-ကသာ)



ကျွန်တော်တို့ မြန်မာစကားတွင် ဆက်ဆံသည် ဟူသည့် စကားကို သုံးစွဲရာမှာ သုံးစွဲခံရသူအပေါ်လိုက်၍ အဓိပ္ပါယ်ကို သတ်မှတ်လေ့ရှိကြပါသည်၊
နိုင်ငံတကာနှင့် ဆက်ဆံသည်၊အကြီးအကဲနှင့် ဆက်ဆံသည်၊ တန်ဘိုးရှိသောသူဖြင့် ဆက်ဆံသည်တို့တွင် ဆက်ဆံသူရော ဆက်ဆံခံရသူပါ ဂုဏ်ရှိန်
မြင့် မြတ်သည်ဟု ယူဆခါ လူကြားထဲတွင် လက်မထောင် ၀ံ့ကြွားလေ့ရှိကြပါသည်၊နောက်ထပ် သုံးကြသည်က လူတန်းစားချင်းတူမျှစွာ ဆက်ဆံကြသည့်

အသုံးအနှုန်း..၊တတိယ လူတွေအတော်များများက လက်ခံသည့် နှိမ့်ကျသည့် ဆက်ဆံခြင်း အဓိပ္ပါယ်...၊ပြည်တန်ဆာ တစ်ဦးနှင့် ဆက်ဆံသည် ဆိုသည့်
အဓိပ္ပါယ်သည်ကား.....။ဆက်ဆံခဲ့သည်ဟူ၍ပင် ပြောဆိုရန် မ၀ံ့သော အဓိပ္ပါယ်ဟု သတ်မှတ်ကြလေသည်၊
ထိုထို ထိုထို ထိုထိုတွေထဲမှ ကျွန်တော် ခေါင်းစဉ်ကို ရဲရဲဝံ့ဝံ့ပင် ပေးလိုက်ပါသည်၊
"ပြည့်တန်ဆာတစ်ဦး နှင့် ဆက်ဆံကြည့်ခြင်း."
ထို ပြည့်တန်ဆာတစ်ဦး နှင့် ကျွန်တော် ဆက်ဆံကြည့်ခြင်းသည် မဖွယ်မရာ ဆက်ဆံရေး အကြောင်း မဟုတ်၊အထက်လူကြီးနှင့် အောက်လက် တို့၏
ဆက်ဆံရေး အကြောင်း မဟုတ်၊သူနှင့် ကျွန်တော်၏ ဆက်ဆံရေးသည် လူသားတစ်ဦးမှ လူသားတစ်ဦးအပေါ် လူသားစိတ်ဖြင့် ဆက်ဆံပြောဆိုခဲ့ကြသော
လူသားချင်း ညီမျှသည့် ဆက်ဆံမှုမျိုးသာ ဖြစ်ပါသည်၊ထိုကြောင့် သူနှင့်ကျွန်တော် ဆက်ဆံပြောဆိုခဲ့မှုများကို လူကြားထဲ ရဲရဲဝံ့ဝံ့ချပြလိုက်ရပါသည်။
ကျွန်တော်ရဲ့ မှုခင်းသတင်းထောက် စာရေးသက် တစ်လျှောက်လုံး ကျွန်တော် မရေးဘဲ လက်ရှောင်ခဲ့သော အမှုမှာ ပြည့်တန်ဆာမှုပင်ဖြစ်ပါသည်၊
ထိုသို့ ပြည့်တန်ဆာမှုများကို လက်ရှောင်ခဲ့ခြင်းကြောင့် ကျွန်တော်သည် ထို ကိစ္စများတွင် မွေ့ပျော်လေ့ရှိသူ ဟု အထင်တော် မမှားကြစေဖို့
လွန်ခဲ့တဲ့ နှစ်က အဖြစ်အပျက်ကလေးတစ်ခု ဦးစွာ ရေးပြလိုက်ချင်ပါသည်၊
ကသာမှာ ကျွန်တော် ညညထိုင်တတ်သော မိုးလင်းလဘက်ရည်ဆိုင်လေး တစ်ဆိုင်ရှိသည်၊ထိုဆိုင်သို့ တစ်ရက်ခြား နှစ်ရက်ခြား တစ်ခါတလေ ညစဉ်လို
ရောက်ဖြစ်သောကြောင့် ထိုဆိုင်ရှင်ရော ညှဥ့်မင်းသား ညှဥ့်လူကြမ်းများနှင့်ပါ ရင်းနှီးနေခဲ့ပါသည်၊ထိုရင်းနှီးမှုများကြောင့် ကျွန်တော့်ရှေ့မှာ သူတို့ မပြောရဲသည့်
စကား မရှိသလို ကျွန်တော်ကလည်း မမေးရဲတာ ဘာမှ မရှိ၊ပွင့်ပွင့်လင်းလင်းပင် ပြောဆိုကြပါသည်၊ တစ်ညမှာတော့ စကားတွေ တောင်ပြော မြောက်ပြောနှင့်
ကသာမြို့စွန်ရှိ ပြည့်တန်ဆာ လမ်း အကြောင်း ရောက်သွားဖြစ်သည်၊ကြားဖြတ်ပြောရလျှင် ထိုလမ်းလေးမှာ ကျွန်တော်မမွေးခင်ကတည်းက ရှိခဲ့သော လမ်းကလေးဖြစ်ပြီး
ရဲများက ထိုနေရာလေးကို ဖမ်းသည်လည်း မဟုတ် မဖမ်းသည်လည်း မဟုတ်၊ဖမ်းချင်ရင် ဖမ်းသည်၊ မဖမ်းချင်ရင်လည်း မဖမ်း၊ထိုသို့ ဖမ်းခြင်း မဖမ်းခြင်းကိုလည်း
ကျွန်တော် စိတ်မ၀င်စား၊ကျွန်တော်စိတ် ၀င်စားသည်က လူငယ်များ မြိန်ရည် ယှက်ရည်ပြောနေကြသောလမ်းလေးကို ကျွန်တော် မရောက်ဖူးသေးခြင်းကိုပါ၊
ထို့ကြောင့် ကျွန်တော်က ထိုလမ်းလေးကို ကျွန်တော် မရောက်ဖူးသေးလို့သွားချင်ကြောင်း ညှဥ့်လူတွေအရှေ့ ပြောလိုက်တော့ ကျွန်တော်သိက္ခာကို သိသော
ထိုလူငယ်များ တအံ့တကြဖြစ် ကုန်ကြသည်၊အချို့လူငယ်များက ကျွန်တော့်စကားကို ရယ်စရာလို သဘောထားခါ ရယ်မောဟားတိုက် ကြကုန်၏၊ဆိုင်ရှင်ကလည်း
"အာစရိကလည်း နောက်နေပြန်ပြီ" ဟုဆိုလာသည်၊ကျွန်တော်က ကျွန်တော် တကယ် အဲဒီလမ်းကို မရောက်ဘူးလို့ သွားချင်ကြောင်း အတည်ပေါက် ပြောတော့မှ
သူလိုက်ပို့မယ် ငါလိုက်ပို့မယ်နဲ့ ဆိုင်ကယ် (၈)စီးလောက်ဖြစ်သွားတယ်၊အဲဒီလမ်းထဲကို ရောက်တော့ ည၁၂နာရီကျော်နေပြီ၊မြို့ပေါ်မှာ နာမည်ဆိုးတွေထွက်နေတဲ့
ဒီလမ်းလေးကို လေ့လာကြည့်လိုက်တော့ လမ်းထဲမှာ တိုက်မရှိ ကားမရှိ ရွှေမရှိ ငွေမရှိ ၊တဲကလေးတွေကလည်း ယိုင်ရွဲ့ရွဲ့ချိနှဲ့နှဲ့၊အချို့တဲစုတ်စုတ်တွေထဲမှ တွတ်ထိုး
သံ ခပ်ပါးပါး ကြားနေရသလို အချို့တဲတွေထဲက ကလေးငိုသံ စူးရှရှလည်း တစ်ခါ တစ်ခါ ကြားနေရသည်၊
"အာစရိ..အထဲအထိ ၀င်ကြည့်ဦးမလား"
"တော်ပါပြီကွာ ၊ပြန်ကြရအောင်ပါ"
နောက်နေ့ နေ့လည် ၁၂နာရီလောက် ထိုင်နေကျ လဘက်ရည်ဆိုင်လေးရောက်တော့ သတင်းတစ်ခုက စောင့်ကြိုနေလေသည်၊ကျွန်တော်တို့ သတင်းသမားတွေ မနေ့ည
သွားစုံစမ်းသည်ဟု ကြား၍ ထိုလမ်းလေးကို ပိတ်ခိုင်းပိုင်ခွင့်ရှိသူတွေက ပိတ်ခိုင်းထားလိုက်သည်တဲ့၊ကျွန်တော် စိတ်မကောင်းဖြစ်သွား မိသည်၊မနေ့ညက ကြားခဲ့တဲ့
ကလေးငိုသံတွေ ပြန်ကြားယောင်မိလာသည်၊အဲဒါနဲ့ အဲဒီအပိုင် တာဝန်ကျသူကို ကျွန်တော်တို့အဖွဲ့ သွားရခြင်းဟာ အဲဒီကိစ္စ မဟုတ်တဲ့အကြောင်း အခြားကိစ္စနဲ့ သွားရင်
အဲဒီ လမ်းထဲ ရောက်သွားတာဖြစ်တဲ့အကြောင်း ရှင်းပြပြီး ကျွန်တော်တို့ အဖွဲ့ကြောင့် မဆိုင်တဲ့သူတွေ ထမင်းဝိုင်း ထိခိုက်လျှင် ကျွန်တော်တို့ပါ မကောင်းကြောင်း
(ကိုယ်က ဖွင့်ခိုင်းတယ်ဆိုတဲ့ အမြင်မျိုးအထိလည်း မရောက်အောင်)နားလည်အောင်ပြောလိုက်တော့ ကိုယ်တော်ချော မျက်နှာ မှိုရသလို ဖြစ်သွားပြီး ထွက်သွားပါတော့သည်၊
သူ မှိုရသလား ဘာရသလဲတော့ ကျွန်တော် မသိတော့ပါ၊နောက်ဆုံးတော့ အဲဒီလမ်းလေးဟာ နေမြဲပဲ ပြန်ဖြစ်သွားတယ် ကြားရလေသည်၊ထားပါတော့၊ပြောချင်သည်က
ထိုကိစ္စများနှင့် ပါတ်သက်လျှင် ကျွန်တော် သိနေသည်က ပေါက်ပင်ဘာကြောင့် ကိုင်းရသည် ဆိုခြင်းကို ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ရောက်ခဲ့ဖူးသော ထိုလမ်းနှင့် ပါတ်သက်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက သတင်းတစ်ခုကြားလိုက်ရသည်၊သက်ဆိုင်ရာ၏ အစီအစဉ်ဖြင့် စစ်ဆင်ရေး
လို ဆောင်ရွက်လိုက်ကြသဖြင့် ထိုလမ်းထဲက ထိုအလုပ် လုပ်ကိုင်စားသောက်သူတွေ တောတွေထဲမှာ ၀င်ပြေးသူပြေး ပုန်းသူ ပုန်းလုပ်နေကြရသတဲ့၊
ထိုသတင်းအရ ကျွန်တော် မိတ်ဆွေတွေ သတင်းသမားတွေကို တပ်လှန့်ပြီး ထိုသို့ ထွက်ပြေးနေသူများနှင့် သွားရောက်တွေ့ဆုံအင်တာဗျူးလုပ်လိုကြောင်းပြောပြလိုက်သည်၊
မိတ်ဆွေ အပေါင်းအသင်း သတင်းသမားများကလည်း အားကိုးရသည်၊ထိုနေ့ ချက်ချင်း တွေ့ဆုံရန် စီစဉ်ပေးပါသည်၊သို့နှင့် ဗန်းမော် ကသာ ကားလမ်းမ၏ ကသာမြို့အပိုင်နှင့် ဝေးရာ
တောတွေ ခြုံတွေကြားမှာ သွားရောက် တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသည်၊ပထမတော့ ထိုအမျိုးသမီးက ခပ်ရွံ့ရွံ့ဖြစ်နေသေးသည်၊သူမထွက်ပြေးရာသို့ ပါလာသော သူမ၏ (၃)နှစ်အရွယ်
ကလေးနှင့် နှစ်နှစ်အရွယ် ကလေးငယ်တို့ကို မိမိတို့ထံ ပါလာသော အစားအသောက်နှင့် အချိုရည်ဗူးများ ပေးကျွေးပြီး ရင်းနှီးမှု ယူလိုက်တော့မှ သူဆီက စကားတွေ ပွင့်ပွင့် လင်း
လင်း ထွက်လာတော့သည်။
""ပြောရရင် ကျွန်မက ကသာသူပါ၊တခြားမြို့တစ်မြို့က အမျိုးသားနဲ့ အိမ်ထောင်ကျပြီးသူမြို့ကို လိုက်သွားခဲ့ပါတယ်၊ရခါစက မဆိုးဘူးထင်ခဲ့တဲ့ ကျွန်မအမျိုးသားဟာ ကလေးနှစ်ယောက်လည်း
ရရင် အသောက်အစားတင်မက အပျော်တွေပါ ပါလာပြီး နောက်ဆုံး ကျွန်မကို ရိုက်နှက်နှိပ်စက်တဲ့ အထိ ဖြစ်လာလို့ ကျွန်မတို့ ကွဲလာကြပါတယ်၊ဒီလိုနဲ့ ကျွန်မ ကသာကို ပြန်ရောက်လာတယ်၊
ဒီရောက်တော့ မိဘတွေက စီးပွားရေးအဆင်မပြေဘဲ အခက်တွေ့နေတာကို တွေ့ရပါတယ်၊အဲဒီမှာ ကျွန်မမိဘတွေကို ငွေရှာပေးချင်တယ်၊ငွေမယ့်အလုပ် ကောင်းကောင်းမွန်မွန်တွေ ရှာပြီးလုပ်တယ်၊
ကလေးငယ်(၂)ယောက်နဲ့ဆိုတော့ ဘယ်အလုပ်မှ အဆင် မပြေဘူး၊နောက်ဆုံးတော့ မိဘတွေ ငွေရှာပေးဖို့ နေနေသာသာ ပါလာတဲ့ ကလေး(၂)ယောက်တောင် ထမင်း၀၀ကျွေးဖို့ ခက်ခဲလာပါတယ်၊
တိုတိုပြောရရင် ဒီလိုနဲ့ ဒီလိုင်းထဲရောက်လာတယ်ပေါ့၊ဘယ်ကလာ ဒီအလုပ်မျိုး လုပ်ချင်ပါ့မလဲ၊ဒီအလုပ်မျိုးက ကန်တော့ပါရဲ့၊နာလည်းနာ နံလည်း နံဆိုတဲ့ အလုပ်မျိုးပဲရှင်၊ကိုယ်နဲ့
ဆက်ဆံတဲ့သူ အများစုရဲ့ ချွေးနံ့သေးနံ ဘိန်းနံ့ ကစော်ချင်တူးတဲ့အနံ့ ကို ဘယ်ကလာပြီး ရူရှိုက်ချင်ပါ့မလဲ၊ကျွန်မပြောမယ်နော် ၊မြို့ကြီးပြကြီးက အထည်ကြီးပျက်တွေရဲ့ ခံစားချက်တော့
ကျွန်မ မသိဘူး၊ဒီမြို့ကလေးမှာ ကျွန်မတွေ့ဖူးသမျှ ဒီအလုပ်လုပ်နေတဲ့မိန်းကလေး တွေဟာ ဘယ်သူမှ ဒီအလုပ်ကို မခင်တွယ်ကြပါဘူး၊မဖြစ်လို့သာ ဒီအလုပ် လုပ်နေကြတာပါ၊ကျွန်မအပါအ၀င်
ဒီလောကထဲ ရောက်လာတဲ့ မိန်းကလေးမှန်သမျှ စိတ်ကူးတွေ ယဉ်ခဲ့ကြတာပေါ့နော့၊ဒီအလုပ်နဲ့ ငွေစုမယ်၊ငွေစုမိရင် ဒီအလုပ် ဆက်မလုပ်တောလဲ ငွေရင်းငွေနှီးနဲ့ လုပ်လို့ရမယ့် အလုပ်ပြောင်းလုပ်မယ်ပေါ့၊
အဟင်းဟင်း..ဒီစိတ်ကူး မျိုးက အခု မရှိတော့ပါဘူး၊ မဖြစ်နိုင်မှန်းလည်း သိလာပြီလေ၊ ရှင်းရှင်းလင်းလင်း ပြောရရင် ဒီအလုပ် လုပ်မယ့်သူက တစ်ခါကို (၅၀၀၀)ပေးရတယ်၊ကျွန်မတို့ရတဲ့(၅၀၀၀)ထဲက
(၅၀၀)ကိုဧည့်ကြိုကိုပေးရတယ်၊(၁၀၀၀)က တဲရှင်ကို ပေးရတယ်၊နောက်(၅၀၀)က ကွန်ဒုန်းဖိုးပေးရတယ်၊ဒီတော့ (၃၀၀၀)ကျန်တယ်ပေါ့၊အဲဒီထဲကမှ ခေါင်းအတွက် တစ်ဝက်ပေးရတယ်၊စာရင်းချုပ်လိုက်ရင်
တစ်ယောက်လာမှ ကျွန်မတို့အတွက်က (၁၅၀၀)ပဲရတယ်၊တစ်ရက်ကို လူ ဘယ်နှယောက်လာမှာလဲ၊အလွန်ဆုံးလာတဲ့နေ့ (၁၅)ယောက်ပေါ့၊လူမလာတဲ့နေ့တွေလည်း တော်တော်များများရှိတာပေါ့"
ကျွန်တော်နှင့် စကားပြောနေရင်း (၂)နှစ်အရွယ် သူမ၏ ကလေးငယ်ကို အချိုရည်ဗူး ဖေါက်ပေးနေသည်၊သူမ၏ အတွေးက အချိုရည်ဗူးအပေါ်ရှိမနေတော့ အချိုရည်ဗူးအဖုံးက သူ့လက်ညိုးကို
ရှသွားသည်၊ သွေးနီနီရဲရဲတွေ သူလက်ထိပ်က စီးကျလာသည်၊သူမက အချိုရည်ဗူး ဖေါက်လက်စကို ကလေးငယ်လက်ထဲ ထိုးထဲ့ပေးပြီး သူမ အနီးအနားရှိ သစ်ရွက်များဖြင့် သွေးများကို သုပ်သင်နေသည်၊
ဗီဒီယို ဓါတ်ပုံ အသံ မှတ်တမ်းယူနေကြတဲ့ ကျွန်တော့် အပေါင်းအသင်းတွေ လှုပ်လှုပ်ရှားရှားထိပ်ထိပ် လန့်လန့်ဖြင့် ကျွန်တော့်အနီးရှိ ကလေးငယ်ကိုလက်ညိုးထိုးပြနေသည်၊သူတို့ ပြနေသော ကလေးငယ်ကို
ကျွန်တော် ကြည့်လိုက်တော့ သူမမိခင် ထိရှခဲ့သော အချိုရည်ဗူးအပေါက်ထဲ လက်ညိုးကို ထိုးသွင်းနေသည်၊ကျွန်တော် ကလေးငယ်၏ လက်ထဲမှ အချိုရည်ဗူးကို အသာအယာ ဆွဲယူပြီး ကလေးငယ်လက်ညိုးကို
စိုးရိမ်တကြီး ကြည့်လိုက်တော့ တော်ပါသေးရဲ့ ထိရှရာ မရှိ၍..၊
ထိုအဖြစ်အပျက်နဲ့ ဆက်စပ်ပြီး ကျွန်တော်က သူမကို မေးခွန်း တစ်ခု မေးဖြစ်လိုက်သည်၊"ယောက်ျားတွေနဲ့ ဆက်ဆံရင် ကွန်ဒုန်းရော သုံးရဲ့လား" လို့။
""ကွန်ဒုန်းတော့ ဘယ် မသုံးပဲ နေပါ့မလဲ၊သုံးတာပေါ့၊တစ်ခါမှ ကွန်ဒုန်း မသုံးဘဲ မဆက်ဆံဖူးဘူး၊ဒါကိုတော့ ကျွန်မ ဂရုစိုက်ပါတယ်"'လို့ ကျွန်တော့်ကို လှောင်သလိုလို
ဒီလောက်တော့ သူမသိပါသည် ဆိုသည့် မျက်နှာပေးမျိုးနှင့် ခပ်စစပြုံး၍ ဖြေပါသည်၊ကျွန်တော်က သူမကို အသိတစ်ခုခု ရစေချင်သည့် သဘောဖြင့်
" ကွန်ဒုန်း သုံးပေမယ့် ရာနှုန်းပြည့် စိတ် မချရဘူးနော်၊ဒါရော သိရဲ့လား" ဆိုတော့ သူ့မျက်နှာ အတော်ကလေး ပျက်သွားသည်ကို တွေ့ရသည်။တစ်စုံ တစ်ခုကို တွေးပူသွားသည့်
သူ့အမူအယာကို ကြည့်ပြီး ကျွန်တော်က " ခဏနေက စကားလေး ပြန်ဆက်ပါဦး၊တစ်ခါ ဆက်ဆံရင် ခင်ဗျားအတွက် (၁၅၀၀)ရတယ်၊အဲဒီအထိ ရောက်နေပြီ၊ဆက်ပြောပါဦး"
ဆိုတော့..သူက စကားကို ဆက်ပြောသည်။
""ဧည့်သည် တစ်ယောက်လာမှ ကျွန်မတို့အတွက်က (၁၅၀၀)ပဲရတယ်ဆိုတော့ ကျွန်မမျှော်လင့်ခဲ့သလို မိဘအတွက် ငွေရှာပေးလို့ ဘယ်လို ဖြစ်နိုင်မှာတဲ့လဲ၊ကိုယ့် သားသမီး(၂)ယောက်နဲ့ ကိုယ်နဲ့
ထမင်းဝအောင် စာဖို့တောင် မလွယ်လှပါဘူး၊ဒါပေမယ့် ကျွန်မက ကျွန်မမိဘတွေဆီကို တစ်ပါတ် တစ်ခါ နှစ်ခါတော့ အသားဟင်းလေး(၁)ခွက် (၂)ခွက် မဖြစ် ဖြစ်တဲ့ နည်းနဲ့ ပို့ပေးပါတယ်၊ကျွန်မ
အဖေက ကျွန်မ ဒီအလုပ် လုပ်မှန်းသိတော့ အိမ်ကို အလာ မခံဘူးလေ၊ဒီတော့ အဖေ မရှိတဲ့အချိန် အမေ့ဆီကို ပို့ပြီး အဖေ့ကို အားရှိအောင် ကျွေးပေးပါလို့ပြောရတာပေါ့၊ကျွန်မဒီ အလုပ် လုပ်ပြီး
ဒီငွေနဲ့ ဒှဟင်ဝယ်ပေးတယ်ဆိုတာ အဖေသာ သိသွားရင် မြိုလို့ ကျမှာ မဟုတ်ဘူးလေ၊ဒါကြောင့် အဖေ မသိအောင် ဟင်းတွေပို့နေရတာ၊ကျွန်မရဲ့ စိတ်ကူးယဉ်ခဲ့တာတွေက တော့
ပြီးခဲ့ပါပြီ၊ မမျှော်လင့် တော့ပါဘူး၊ဘာလဲ၊ အခု ကျွန်မ တောထဲကို ထွက်ပြေးခဲ့ရတာမေးတာလား၊ ဒီလိုဖြစ်တာပါ၊မနေ့ည ကျွန်မတို့ လမ်းထဲကို ရဲတွေက အင်အားသုံးပြီး ပိတ်ဖမ်းတယ်၊ တော်တော်များများ
ထွက်ပြေးကြတာပေါ့၊အဲဒီလို ထွက်ပြေးတဲ့သူတွေကို ရဲက အိမ်ပေါ်တွေ တက်ရှာပြီး ဖမ်းတယ်၊ကျော်စောမှုနဲ့ ဖမ်းတယ်လို့ ပြောတာပဲ၊၃/၄ယောက် အဖမ်းခံထိတယ်လို့ ပြောတာပဲ၊
ဒီလိုတွေ ဖြစ်လာတော့ ကျွန်မတို့ကို ဘယ်ခေါင်းက အိမ်မှာ ထားပါ့မလဲ၊ကျွန်မကလည်း အဖမ်း မခံနိုင်ဘူးလေ၊ကျွန်မသာ အဖမ်းခံလိုက်ရရင် ဒီကလေးတွေကို ဘယ်သူက ကြည့်ပေးမှာတဲ့လဲ၊ဒီတော့ ကလေး
ငယ်(၂)ယောက်ခေါ်ပြီး အခုလို တောထဲဝင်ပြေးလာတာပေါ့၊စုစုဆောင်းဆောင်း ငွေမပြောနဲ့ ထမင်းစားဖို့တောင် ငွေမရှိလို့( ခပ်လှမ်းလှမ်းမှ အမျိုးသမီး(၂)ဦးကို မေးဆတ်ပြပြီး)သူတို့ ကျွေးလို့ခေါက်ဆွဲကျော်လေး
စားလိုက်ရတာ၊လိုင်းကြေးတို့ ဘာတို့တော့ မပြောပါစေနဲ့၊ကျွန်မက ဒီအလုပ် ပြန်လုပ်ရဦးမှာဆိုတော့ သူတို့ကို ကြောက်ပါတယ်၊ မပြောရဲပါဘူး၊မပြောရဲဘူးဆိုပေမယ့် ပြောချင်တာ တစ်ခုရှိသေးတယ်၊ကျွန်မတို့ ဘ၀ရဲ့
အခြေမနေ ဆိုးကို ဦးလေး တို့ သိစေချင်လို့ပါ၊ကျွန်မတို့လမ်းကို မဖမ်းခင်နှစ်ရက်လောက်က ည(၁၂)နာရီလောက် ကျွန်မတို့ အလုပ် လုပ်တဲ့လမ်းထဲကို ဆိုင်ကယ်တစ်စီးဝင်ချလာတယ်၊ ကျွန်မက ဧည့်သည်မှတ်လို့ သစ်ပင်
အောက်ကနေ လူလုံးထွက်ပြပါတယ်၊ဆိုင်ကယ်ရပ်သွားတော့ ကျွန်မက ဈေးဦးတော့ ပေါက်ပြီပေါ့ဆိုပြီး ပျော်သွားတုန်း အနားရောက်မှ ဗိုလ်လေး(ဒုရဲအုပ်)------ မှန်းသိလိုက်ရတယ်၊ကျွန်မက ငါတော့ မှားပြီဆိုပြီး
နောက်ကို ပြန်အလှည့်မှာ ကောင်မဆိုပြီး နောက်ကနေ ပိတ်ကန်လိုက်တာ ရှေ့ကို ဟပ်ထိုးတောင်လဲတယ်၊ကျောမှာ (အညို အမည်းစွဲနေသော သူ့နောက်ကျောကို လှန်ပြ၍)အခုထိ နာနေတုန်းပဲ၊အဲဒီဗိုလ်လေးက မဆိုးပါဘူး၊
သူကန်ထည့်လိုက်တာ ကျွန်မအတော်နာသွားတာ သိသွားလို့ နောက်နေ့ ဆေးဖိုးဆိုပြီး မ----- နဲ့ ငွေ(၅၀၀၀)ပေးခိုင်းခဲ့ပါသေးတယ်၊ဘာပဲဖြစ်ဖြစ်လေ သူတို့ မပေးတော့ရော ကိုယ်က ဘာတတ်နိုင်မှာတဲ့လဲ၊ကိုယ်က ဒီအလုပ်ကိုပဲ
ဆက်လုပ်သွားရဦးမှာ ဆိုတော့.........................................။(ဟာဂျူလီ-ကသာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...