ဧဒင်အချစ်ပုံပြင်: ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်း ဖွင့်ထားသူများ မော်တော်ယာဉ်တင်သွင်းခြင်းအား ယခုလမှစတင်ကာ နေရာနှစ်နေရာ၌ ဆောင်ရွက်နိုင်တော့မည်

Friday, 10 August 2012

ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်း ဖွင့်ထားသူများ မော်တော်ယာဉ်တင်သွင်းခြင်းအား ယခုလမှစတင်ကာ နေရာနှစ်နေရာ၌ ဆောင်ရွက်နိုင်တော့မည်




ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူများအား ၂၀၀၇ ခုနှစ် Model နှင့်အထက် မော်တော်ယာဉ်
တင်သွင်းခွင့်ပြုရာတွင် ယခင်က နေရာတစ်နေရာတွင်သာ ဆောင်ရွက်နိုင်ရာမှ ယခုအခါ နေရာနှစ်နေရာ
တွင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ
တစ်ဦးထံမှ သိရှိရသည်။

အဆိုပါဆောင်ရွက်ချက်အတွက် ကိုယ်တိုင်လာရောက်လျှောက်ထား သူများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်ရုံးချုပ်တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ အဆိုပါနေရာတွင်သာမက ရန်ကုန်တိုင်းဒေသကြီးရုံးခွဲအမှတ် ၂၂၈-၂၄၀၊ ကမ်းနားလမ်း(အလယ်လမ်း)တွင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ အဆိုပါဆောင်ရွက်ချက်ကို ၃၀.၇.၂၀၁၂ ရက်မှစတင်ကာ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

လာရောက်လျှောက်ထားသူများအနေဖြင့် သတ်မှတ်အထောက်အထားစာရွက်များ ပါရှိရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူများအား ၂၀၀၇ ခုနှစ်မော်ဒယ်နှင့်အထက် မော်တော်ယာဉ်တင်သွင်းခွင့်ပြုချက် လျှောက်ထားရာတွင် မော်တော်ယာဉ်တစ်စီး တင်သွင်းခွင့်ပြုပါရန်လျှောက်လွှာနှင့် ကိုယ်တိုင်လက်မှတ်ရေးထိုးချက် ပါဝင်ရမည်ဖြစ်သည်။

၎င်းအပြင် မှတ်ပုံတင်/ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် မိတ္တူ၊ ဘဏ်စာအုပ်မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့်မိတ္တူ၊ တင်သွင်းမည့် မော်တော်ယာဉ် Invoice မူရင်း၊ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ စိစစ်ခွင့်ပြုခဲ့သည့် စာရင်းခေါင်းစဉ်တွင်ပါဝင်ခဲ့သော သင်္ဘောသားများ၊ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများ၊ နိုင်ငံခြားသံရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သော ၀န်ထမ်းများအပါအ၀င် လူပုဂ္ဂိုလ်တစ်ဦးချင်းအား ခွင့်ပြုပါမစ်ထုတ်ပေးခဲ့သည့်စာရင်းတွင် မပါဝင်ကြောင်း ခံဝန်ကတိပြုချက်တို့ ပါဝင်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ရေးသားသူ -ထွန်းထွန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...