ဧဒင်အချစ်ပုံပြင်: ဂီတမောင်နှမနှစ်ဦးရဲ့ ရင်ခုန်သံစကားဝိုင်း

Wednesday 23 May 2012

ဂီတမောင်နှမနှစ်ဦးရဲ့ ရင်ခုန်သံစကားဝိုင်း

                                                             ဧဒင်အချစ်ပုံပြင်
`တောင်းပန်တယ်´သီချင်းနဲ့ လူငယ်ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရယူနိုင်ခဲ့တဲ့ အဆိုရှင်အောင်လနဲ့ ဟစ်ဟော့ပ်ဆယ်ကျော်သက်လူငယ်တွေရဲ့ ရင်ကို ရက်ပ် စာသား ကာရန်ပြင်းပြင်းတွေနဲ့ရင်ခုန်သံမြန်စေခဲ့တဲ့ မိစန္ဒီတို့ ဂီတမောင်နှမနှစ်ယောက်ဟာ မတူညီတဲ့ ဂီတအနုပညာလျှောက်လမ်းနှစ်သွယ်ပေါ် လျှောက်လှမ်းနေပါ တယ်။ သူတို့ရဲ့ မတူညီတဲ့ ဂီတသံစဉ်ရင်ခုန်သံနဲ့ပတ်သက်ပြီး သူ့အမြင်၊ ကိုယ့်အမြင် အပြန်အလှန် ဖလှယ်ကြပုံကို စကားဝိုင်းလေးတစ်ခုအသွင် ဖန်တီးတင်ဆက်လိုက် ပါတယ်။
အောင်လ- သီချင်းစကြိုက်တာက Hip Hopကိုစကြိုက်တာလား၊ သီချင်းဆိုမှ Hip Hop ကိုဆိုဖြစ်သွားတာလား။
မိစန္ဒီ- ညီမ သီချင်းစကြိုက်တာ ခရီးသွား ငါးယောက်ကိုစကြိုက်တယ်။ ညီမတို့ခြောက်တန်းလောက်မှာ Acid  ထွက်လာတယ်။ အဲဒီကတည်းက Hip Hop ကို စပြီး သတိထားမိနေတယ်။
အောင်လ- သြော်.. အရင်ကတည်းက ဝါသနာပါတာပေါ့။
မိစန္ဒီ- ဟုတ်တယ်။ အရင်ကတည်းက စိတ်ဝင်စားတယ်။ ၉ တန်းလောက်မှာ Punk ရူးလိုက်သေးတယ်။ အဲဒီတုန်းက Big Bag တအားခေတ်စားတယ်။ ၁ဝ တန်း ပြီးနောက်ပိုင်းတော့ Hip Hop ဘက်ဖြစ်သွားတယ်။
အောင်လ- Punk ကိုကြိုက်တယ်ဆိုတာ ၉ တန်းလောက်မှာ ကျားပေါက်ကိုကြိုက်လို့လား၊ တခြားနိုင်ငံခြား Band တွေကော ကြည့်ဖြစ်သေးလား။
မိစန္ဒီ- ၉တန်း၊ ၁ဝတန်းလောက်က ကိုရေမွန်တို့နဲ့ တအားပေါင်းဖြစ်တယ်။
သူတို့နဲ့က အဲဒီဘက်လိုင်းတွေပေါ့။ သူတို့က ကျောင်းမှာလည်း ဂစ်တာတီးတယ်။ ဒဂုံ (၁) ကပေါ့။ သူတို့က ကြီးတယ်။ ညီမတို့က ငယ်တယ်။ သူတို့က ကျောင်းမှာဆိုရင် အမြဲပါတယ်။ သူတို့ သီချင်းတွေသွင်းတယ်။ သူတို့သီချင်းသွင်းတဲ့ နေရာလိုက်သွားတယ်။ ကိုယ်နဲ့ပေါင်းတဲ့လူက Punk တွဆိုတော့ အဲဒီအချိန်မှာ တော်တော်စိတ်ဝင်တစားရှိတယ်။
အောင်လ- သီချင်းကကော ဘယ်တုန်းက စဆိုတာလဲ။
မိစန္ဒီ- သီချင်းက ညီမ First Year ပြီးချိန် လောက်မှာစဆိုတယ်။ ၂ဝဝ၈လောက်ကပေါ့။
အောင်လ-သီချင်းဆိုတာကောဘယ်ကတည်း က စိတ်ဝင်စားခဲ့လဲ။
မိစန္ဒီ- ညီမ ၆ တန်းလောက်မှာစပြီး သီချင်းနားထောင်ခဲ့တယ်။ ညီမတို့ အဲဒီအချိန်တုန်း က Melody သိပ်မရေးတတ်သေးဘူး။Hip Hop က အဲဒီကတည်းကရေးတယ်။ ဝတ္ထုတိုတွေလည်း ရေးတယ်။ ရေးတာကို ဝါသနာပါတယ်။ Hip Hop Rapping  တွေကျတော့ ရေးရလွယ်တယ်။ Melody လည်းရေးတယ် အဲဒီကတည်းက ပိုးက ရှိတာ။
အောင်လ- မိုနိုပိုလီက ဘယ်တုန်းကစခဲ့ တာလဲ။
မိစန္ဒီ-  မိုနိုပိုလီက ၁ နှစ်ခွဲလောက်ကြာခဲ့တယ်။ တကယ်တမ်းလည်းလုပ်ရော ဟိုအရင်ကတည်းကလုပ်ထားတဲ့ သီချင်းတွေကိုဖြုတ် လိုက်ရတယ်။ သီချင်းတွေက အများကြီး ဆိုတော့လေ။ အစ်ကိုကော ဒုတိယခွေလုပ်ပြီလား။
အောင်လ- ဒုတိယအခွေမှာလည်း အဲဒီလိုပဲ သီချင်းကလုပ်နေရင်းတန်းလန်းနဲ့ သီချင်းက ၁၆ ပုဒ်လောက်ဖြစ်သွားတယ်။ ပြန်ရွေးထုတ် ရဦးမယ်။ အဲဒါကြောင့်နည်းနည်း ရှုပ်နေတယ်။
မိစန္ဒီ- အစ်ကိုကကော Rockကို ဘယ်အချိန်ကတည်းက စိတ်ဝင်စားခဲ့လဲ။
အောင်လ- ၂ တန်းလောက်က၊ ငယ်ငယ် ကတည်းက ကိုယ့်အဖေက အသံဖမ်းတော့ သူနဲ့လိုက်သွားတာ။ အဲဒီကတည်းက ကြိုက် တာ။
မိစန္ဒီ- သြော်..ငယ်ငယ်ကတည်းက တခြား Music တွေကော ကြိုက်ခဲ့တာမရှိဘူးလား။
အောင်လ-သီချင်းကတော့အကုန်နားထောင် တယ်။ Country ရောပဲ။ အဲဒီတုန်းက Hip Hop Rap  တွေရှိတယ်လေ။ ၂ တန်းမှာဂစ် တာစတီးတော့ သီချင်းက ဂစ်တာတီးလို့ရတဲ့ သီချင်းတွေပေါ့။ ၅ တန်းလောက်လည်းကျ ရော ၁ဝ တန်းကျောင်းသားတွေက ကျွန် တော်တို့အိမ်လာခေါ်တယ်။ ဂစ်တာတီးဖို့။ ၅ တန်းပဲရှိသေးတယ်။ ဂစ်တာကြီးကိုင်ပြီးတော့ သူတို့အဆောင်ရှေ့မှာတို့၊ ကောင်မလေး အဆောင်ရှေ့မှာတို့ သွားတီးတယ်။
မိစန္ဒီ- အဲဒီအချိန်က အစ်ကို့ကို သမီး မသိသေးဘူး။ သီချင်းကောဆိုနေပြီလား။
အောင်လ- ၂ဝဝ၃ ကတည်းက စဆိုတာ။ ဒါပေမဲ့ မသိကြသေးဘူး။
မိစန္ဒီ- ကိုရေမွန်နဲ့တွဲတာကို အမြဲတမ်းပဲတွေ့နေတယ်။
အောင်လ- ဟုတ်တယ်။ ဘာလာလာအခွေ စလုပ်တော့ တွဲဖြစ်သွားတာ။
မိစန္ဒီ- သမီးက အစ်ကို့ကိုစပြီးသတိထားမိတာ ‘အချိန်လွန်ငှက်’သီချင်းမှာ။ မိတ္ထီလာဘက်မှာ အစ်ကို့သီချင်းဖွင့်ထားတယ်။ အစက ကိုကျားပေါက်ဆိုနေတယ် ထင်တာ။ ဘာမှန်း မသိဘူးလေ။အသံပုံစံတွေက တူတော့။ ပြီးတော့မှ အဲဒါအောင်လတဲ့။ ‘ပြော’ သီချင်းထက် အဲဒီသီချင်းကိုပိုကြိုက်တယ်။
အောင်လ- ‘ပြော’ သီချင်းက နည်းနည်း Pop ဖြစ်တယ်။
မိစန္ဒီ- ဟုတ်တယ်။ သူကပိုပြီးနားစွဲတယ်။ နောက်ပြီး  Reason အခွေကကော ဘယ်လိုစပြီးလုပ်ဖြစ်သွားတာလဲ။
အောင်လ- အဲဒီမှာ ဘာပြဿနာဖြစ်လဲဆို တော့ ‘အချိန်လွန်ငှက်’ က ၂ဝဝ၄၊ ၂ဝဝ၅ မှာ စလုပ်တယ်။ တကယ့်တကယ်ထွက်လာ တော့ ၂ဝဝ၇ မှာထွက်လာတယ်။ ၂ဝဝ၇ မှာ NC- 13 ဆိုတဲ့အရင်တုန်းက Band မှာမဆို တော့ဘဲ Reason ဆိုပြီး စဖွင့်တဲ့အချိန်မှာ အဲဒီသီချင်းက ထွက်လာတယ်။ အဲဒီတုန်းက ကိုဘိုဆန်းဆို ပိုဆိုးတယ်။ ရှိုးမှာကြော်ငြာတယ်။ Reason (NC- 13) ဆိုပြီးတော့။ ဟား ..ဟား လူမသိမှာစိုးလို့။ အဲဒီလိုတွေ ပြဿနာတွေရှိတယ်။ Reason အခွေက ၂ဝဝ၇ မှာ စလုပ်တယ်။ ၂ဝ၁ဝမှာထွက်တယ်။
မိစန္ဒီ- Hip Hopက ကိုAh- Boy တို့၊ ကိုဂျောက်ဂျက်တို့နဲ့ သီချင်းတွေတွဲဆိုတယ်။ အဲဒီသီချင်းတွေ မိုက်တယ်။
အောင်လ- သူတို့နဲ့က သူငယ်ချင်းဖြစ်နေ တော့လေ။ဒါပေမဲ့ Hip Hop နဲ့တွဲလုပ်ရတာ မု(ဒ်) ရတယ်။ Beating လည်းရှိတယ်။ Beating ကိုဖွင့်ပြီးတော့ အဲဒီပေါ်မှာ တစ်ခါ တည်းရေးရတာ။အဆင်ပြေသလို လုပ်ပေ မယ့် ကိုယ်က အကျွမ်းတဝင်မရှိတော့ အခက် အခဲရှိတယ်။ဒါပေမဲ့ သူတို့ဟာတွေကို ကြိုက်တယ်။
မိစန္ဒီ- သမီးတို့ Hip Hop အဖွဲ့နဲ့ အစ်ကိုတို့ Rock အဖွဲ့ရယ်ပေါင်းပြီး တော့ စက်နဲ့တီးပြီးတော့ဆို လိုက်တာမျိုး၊၂ယောက် Crea-tionလုပ်ပြီးတီးတာမျိုးတွေကို တအားလုပ်ချင်တယ်။အဆင်ပြေရင် တွဲလုပ်ကြမယ်လေ။ဟား…ဟား အဲဒီလိုမျိုး ဝါသနာပါတယ်။ငယ် ငယ်တုန်းက ဏကညု ကြိုက်တယ်။
အောင်လ- အစ်ကိုရောပဲ။ Hip Hop ဘက်ကဆိုရင် Eminem ကိုတော့ တော်တော်ကြိုက်တယ်။ Pitbullသီချင်းကိုလည်း ကြိုက်တယ်။ သူ့သီချင်းကကလို့ ကောင်း တယ်။ ညီမ Rock အပေါ်မှာကောဘယ်လို မြင်လဲ။
မိစန္ဒီ- သမီးက ခံစားလို့ရတယ်။ ကိုလေးဖြူတို့ဆိုတဲ့ပုံစံလေးတွေ ကြိုက်တယ်။အစ်ကိုတို့လို မော်ဒန်ရော့ခ်၊Idiots တို့၊ Wanted တို့နဲ့ မတူသလိုခံစား ရတယ်။ မော်ဒန်ရော့ခ်တွေ ပိုကြိုက်ဖြစ်တယ်။
အောင်လ-အစ်ကိုတို့ကကိုယ့် ဘာသာကိုယ်ရေးတော့ စတိုင်တစ်မျိုးလည်းရတာပေါ့။ Hip Hopနဲ့ Rock က နည်းနည်းဆင်တယ်။ Rock ထဲမှာဆိုရင် လူတွေ ကို ပေါက်ကွဲတဲ့ Music၊ Hip Hop က လွတ်လပ်တဲ့ Musicသူက Beat ပ်ါမှာဆိုရတဲ့ Music ဆိုတော့ ပေါက်ကွဲတာနဲ့ လွတ်လပ်တာချင်းက အဓိပ္ပာယ်ပဲကွဲသွားတယ်။ အမှန်တော့ အတူတူပဲ။
မိစန္ဒီ- သမီးအခွေမှာ အဲဒီလို Rock ဆန်တဲ့ ဟာပါတယ်။
အောင်လ- ဒီမှာက ပရိသတ်တွေက Hip Hop နဲ့ Rock နဲ့ခွဲထားတယ်။ ဟိုမှာကျတော့ အကုန်လုံးတွဲလုပ်ကြတယ်။ ဒီမှာက ပရိသတ်ကိုက ဟိုအရင်ကတည်းက ခွဲလိုက်သလိုမျိုး ဖြစ်သွားတယ်။
မိစန္ဒီ- အရင်တုန်းက Punk တွေ တအားခေတ်စားနေတယ်။
အောင်လ-  Punk နဲ့ Hip Hop နဲ့ဆိုရင် အောက်မှာ ရန်ဖြစ်ပြီ။
မိစန္ဒီ- ဒါပေမဲ့ ခုနောက်ပိုင်းက စည်းလုံးသလိုပါပဲ။အခုနောက်ပိုင်းကသိပ်မဖြစ်ကြတော့ဘူး။
အောင်လ- ဒါပေမဲ့ Hip Hop ကို တအားရူးတဲ့သူလည်းရှိတယ်။ Rock ကို တအားရူးတဲ့ သူလည်းရှိတယ်။ အဲဒီ ၂ ခုကျတော့ ဘယ် လိုမှ အဆင်ပြေပြေညှိလို့မရဘူး။
မိစန္ဒီ- သမီးတို့က  Hip Hop ကို တအားရူး တာပဲ။ ဒါပေမဲ့ Rock ကို ခံစားလို့ရတယ်။ နောက်ပိုင်းက နိုင်ငံတကာမှာတအားပူးပေါင်း ပြီး လုပ်လာနေကြတယ်လေ။
အောင်လ- Music လုပ်တယ်ဆိုတာက အစ်ကိုတို့ထင်တာက Music က စစ်တိုက်နေတာ မှမဟုတ်တာ။ ကိုယ့်ရင်ထဲမှာရှိတဲ့ Music ကို နားထောင်၊ မကြိုက်လို့ရှိရင် နားမထောင်နဲ့။ အဲဒီလိုမျိုးပေါ့။ ပရိသတ်တွေလည်း လွတ်လွတ်လပ်လပ်နားထောင်၊ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လို့ရတယ်။ ခံစားကြည့်ပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်က ဒီဟာကိုကြိုက်ပေမယ့် ဟိုဟာကိုမကောင်းဘူးလို့ ပြောလို့မရဘူးလေ၊၊ အစ်ကိုတို့လည်း Hip Hop တကယ်ကောင်းရင် တကယ်ကောင်းတယ်လို့ ပြောတယ်၊၊ ကိုယ် မလုပ် နိုင်တဲ့အရာကို သူကလုပ်ပြနိုင်တော့ ချီးကျူးရမှာ။ပရိသတ်တွေလည်း အဲဒီလိုမျိုးခံစားလို့ရရင် ကောင်းမှာပေါ့။ ညီမကောဘယ်လိုထင်လဲ။
မိစန္ဒီ- သမီးကတော့ ပွဲတွေမှာHip Hopနဲ့  Rock ပဲဖြစ် ဖြစ်၊ Punk ပဲဖြစ်ဖြစ် ရန်တော့ မဖြစ်စေချင်ဘူး။ ကိုယ်က ခံစားလို့မရဘူးဆိုတဲ့ အစွဲနဲ့အဲဒီလိုမျိုး မဖြစ်စေချင်ဘူး။ အခု ပရိသတ်တွေ အားလုံးကလည်း အရင်ကလောက် အစွဲတွေမရှိတော့ဘူးလို့ သမီးထင်ပါတယ်။ ရှိခဲ့မယ်ဆိုရင်တောင် ပြုပြင်ရင်ပိုကောင်းမယ်လို့ ညီမထင်ပါတယ်။ အားလုံးစည်းစည်းလုံးလုံးပြုပြင်ပေါ့။
အဲဒီလိုနဲ့ လူငယ်အနုပညာရှင်၂ ယောက်ရဲ့ ဂီတစကားဝိုင်းလေးကို အဆုံးသတ်ခဲ့ကြပါတယ်။
ရဲရဲ
 by-popularmyanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...