ဧဒင်အချစ်ပုံပြင်: သမ္မတ ဦးသိန်းစိန် ရေဒီယို မိန့်ခွန်းပြောကြား

Thursday 31 January 2013

သမ္မတ ဦးသိန်းစိန် ရေဒီယို မိန့်ခွန်းပြောကြား

Photo: သမ္မတ ဦးသိန်းစိန် ရေဒီယို မိန့်ခွန်းပြောကြား

၁ ဖေဖော်ဝါရီ ၂၀၁၃

မိဘပြည်သူများခင်ဗျား-

နှစ်သစ်ကူးမိန့်ခွန်းမှာ ရေဒီယိုကနေတစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို အခါအခွင့် သင့်တိုင်းဆက်သွယ် ပြောကြားသွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက်သွယ် ပြောကြားခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရသက်တမ်း နှစ်နှစ် အတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေများစွာ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကတစ်ဆင့် အောက်ခြေအဆင့်ပြည်သူလူထုအားလုံးအထိ သက်ရောက်မှု ရှိစေမယ့် ပြည်သူ့ဗဟိုပြု စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ ပါတယ်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် အရေးကြီးတဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သမိုင်းဝင်နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ဟာလည်း နိုင်ငံတကာချေးငွေများလျှော့ချနိုင်မှုနှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံစီးပွားရေးသမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာငွေကြေးဈေးကွက်များနှင့် စီးပွားရေး အသိုက်အဝန်းထဲကို ပြန်လည် ဝင်ရောက် နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ခဲ့ လို့ပဲဖြစ် ပါတယ်။ လက်ရှိ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံများဟာ တစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့ နိုင်ငံတကာ ဘဏ်များ၊ အဖွဲ့များမှ ငွေကြေးအကူအညီရယူခဲ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းနီးပါးဟာ သန်းထောင် ပေါင်းများစွာသော ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံကြီးများ၊ တောင်ကိုရီးယားနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံ တို့ဟာလည်း ငွေကြေးအကူအညီများကို ရယူခဲ့ရပါတယ်။ အထီးကျန်ဆန်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီလို အကူအညီတွေမရနိုင်သလို ရှေ့ကိုတိုးတက်ဖို့လည်း အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ ဟာ (၁ဝ)စုနှစ်များစွာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့်နိုင်ငံတကာချေးငွေ အကူအညီများ ရယူ နိုင်ခဲ့ခြင်း မရှိခဲ့ ပါဘူး။

ယခုအခါမှာ ကျွန်တော်တို့နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှုတွေကြောင့် အခြေအနေတွေကို ပြောင်းလဲ နိုင်ခဲ့ပြီဖြစ် ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ်အပါအဝင် နိုင်ငံတကာ ချေးငွေအကူအညီအတွက် အရေးကြီးတဲ့ နိုင်ငံကြီးများနှင့်လည်း ညှိနှိုင်းမှုများကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က တင်ကျန်ခဲ့တဲ့ နိုင်ငံတတကာကြွေးမြီများထဲမှ ဒေါ်လာ သန်းပေါင်း ခြောက်ထောင်ကျော်ကိုလည်း ဖြေလျော့နိုင်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီဆိုတဲ့ သတင်း ကောင်းကိုလည်းပြောကြားလိုပါတယ်။ ယခုလို အရေးကြီးတဲ့အချိန်အခါမှာ မိတ်ဆွေကောင်း ဖြစ်ကြောင်း ပြသခဲ့တဲ့ နော်ဝေနိုင်ငံနဲ့ ဂျပန်နိုင်ငံအပါအဝင် ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများရဲ့ အကူ အညီ များကို ပြန်လည်ရရှိနိုင်ပြီဖြစ်ပါတယ်။

ဒီလိုရရှိနိုင်မယ့် သန်းပေါင်းများစွာသော ရန်ပုံငွေတွေကို ကမ္ဘာ့နိုင်ငံများအလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သက္ခာ ရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဆင်းရဲ နွမ်းပါးမှု လျှော့ချဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ် ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ ယခုလိုဆောင်ရွက်ခဲ့ မှုများဟာ ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျွန်တော် ပြောကြား ခဲ့သည့် အဆင်းရဲဆုံးLDC နိုင်ငံများစာရင်းမှ ရုန်ထွက်နိုင်အောင် ဆောင်ရွက်မည်ဆိုတဲ့ ကိစ္စ ရပ်နှင့် ပတ်သက်၍ ပထမခြေလှမ်းအဖြစ် ရရှိနေပြီဖြစ်တဲ့တိုးတက်မှုဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့် နိုင်ငံတကာ ချေးငွေ အကူအညီတွေကို ပြည်သူ့အ ကျိုး စီးပွား အတွက် ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဦးမော့လာစေဖို့နဲ့ ဆင်းရဲမှုလျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကိုလည်းအားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင် မြှောက်ပေးနိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတို့ကိုလည်း ဖွဲ့စည်း ခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းများအတွက် လိုအပ်မယ့်နည်းပညာ၊ အရင်းအနှီး၊ အကြံ ဉာဏ်တွေကို နိုင်ငံ တကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီဖြစ်ပါတယ်။ ယခုလည်း လိုအပ် သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြုလုပ်ပေး နေပြီဖြစ်ပါ တယ်။ တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက် သွားမှာဖြစ် ပါတယ်။ ထိုအတူမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ငွေကြေးနှင့် လိုအပ်သော အထောက် အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉-၁-၂ဝ၁၃ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့အစည်းများ၊နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး အစိုးရအဖွဲ့နဲ့အတူပြည်တွင်းပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များပါဝင်တဲ့ ပထမ အကြိမ်မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ကျင်းပနိုင်ခဲ့ပြီးစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်နဲ့ ပတ်သက်လို့ ဝိုင်းဝန်းဆွေးနွေးအကြံဉာဏ်များ ရယူနိုင်ခဲ့ပါတယ်။ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးထိရောက်ဖို့အတွက် နေပြည်တော် သဘောတူညီချက်ကိုလည်း သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့အစိုးရအနေနဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ပတ်သက်လို့ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေ လည်းရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် တစ် ဘဝလုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက်ကြရပါတယ်။ ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေး လုံခြုံ စေမယ့် ကိုယ်ပိုင်အိမ်တစ်လုံးကိုတောင်မှ မပိုင်ဆိုင်နိုင်ဘဲ ခိျု့တဲ့စွာ နေထိုင်ရတဲ့ အခြေ အနေမျိုး တွေရှိ ပါတယ်။ ဒီလိုအိမ်ပိုင်ယာပိုင်မရှိတဲ့ အခြေအနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်းဖိုးနည်း အိမ်ရာ စီမံကိန်း များကိုလည်း ရန်ကုန်မြို့တစ်ဝိုက်မှာ စတင်စီမံဆောင်ရွက်နေပြီဖြစ်ပါတယ်။ တခြား ပြည်နယ်နဲ့ တခြား မြို့နယ်များမှာလည်း တန်းဖိုးနည်းအိမ်ရာမျာကို ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အဓိကလုပ်သားအင်အားအများစုဖြစ်တဲ့ တောင်သူ လယ်သမား များကိုလည်း အမတော်ကြေး စိုက်ပျိုးစရိတ် လယ်တစ်ဧကကို ကျပ် ၈ဝဝဝဝ ကနေ ကျပ် ၁ဝဝဝဝဝ နှုန်းအထိ တိုးမြှင့်ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယာတစ်ဧကကိုလည်း ကျပ် ၁ဝဝဝဝ ကနေ ကျပ် ၂ဝဝဝဝ နှုန်းအထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်ပေးနိုင်ခဲ့ပေမယ့်လည်း အမှန် တကယ် လိုအပ်မည့် စိုက်ပျိုး စရိတ်အတွက် ပြည့်မီနိုင်ခြင်းမရှိတာကိုသတိပြုမိပါတယ်။ တည်ဆဲဥပဒေများအရ လယ်ယာ မြေပိုင် ဆိုင်ခွင့်များကို ခွင့်ပြုထားပြီဖြစ်တဲ့အလျှောက်မိမိတို့ရဲ့လယ်ယာမြေများကို အာမခံထား၍ လိုအပ်တဲ့ စိုက်ပျိုး စရိတ်အရင်းအနှီးများချေးယူစုဆောင်းနိုင်တဲ့ အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေ ပိုင်ဆိုင်မှု မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။

လယ်ယာမြေလုပ်ကိုင်သူ လယ်သမားထုကြီးကို မိမိအနေနဲ့ တိုက်တွန်းလိုတာကတော့ လည်း ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်နှင့် လိုက်လျောညီထွေရှိမည့် ငွေကြေးစီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့် အလမ်းတွေကို အမိအရဆုပ်ကိုင်ကြိုးပမ်းလုပ်ကိုင်ကြရန်ဖြစ်ပါတယ်။မိမိတို့၏ အဓိက ကုန်ထုတ် အရင်း အနှီး ဖြစ်တဲ့လယ်ယာမြေများ တန်ဖိုးမြင့်တက်လာရန်လည်း မိမိတို့၏ လယ်မြေများကို

ပြုပြင်ကြစေလိုပါတယ်။ ရေတိုစီမံခန့်ခွဲမှုများဖြင့် မိမိတို့၏ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှု မရှိရန်ကိုလည်း သတိပြုဆောင်ရွက်ကြရန် တိုက်တွန်းလိုပါတယ်။ တစ်ဆက် တည်းမှာပင် လယ်ယာကဏ္ဍကို ဈေးကွက်စီးပွားရေးစနစ် နှင့်အညီ တိုးတက်စေမယ့် ခေတ်မီ လယ်ယာ စိုက်ပျိုးရေး စနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ယခုနိုင်ငံရေးဖြစ်ထွန်းမှုဟာ အစိုးရ၊ လွှတ်တော် ၊ တက်မတော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူ လူထုအားလုံးက ကဏ္ဍအသီးသီးကနေ အားလုံးပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီမိုကရေစီ ဆိုတာ ဟာ ရွေးကောက်ပွဲတွေကျင်းပရုံနဲ့ မလုံလောက်ပါဘူး။ အသိ အမြင်ကြွယ်ဝတဲ့ ပြည်သူ လူထုတစ်ရပ်လုံးက ပြည်သူတို့ဘဝအတွက် ရွေးချယ်မှုတွေကို ဖိနှိပ်မှု၊ ချုပ်ချယ်မှု တွေမရှိဘဲ ဆုံးဖြတ် နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက် လာဖို့လည်း အလွန်အရေးကြီးပါတယ်။

ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ခေတ်အဆက်ဆက်မှာအရေးပါတဲ့ အခန်းကဏ္ဍမှာရှိခဲ့တဲ့ အရပ်ဘက် လူအဖွဲ့အစည်းတွေ အားကောင်းလာဖို့က နိုင်ငံသား တစ်ဦးချင်းစီမှာပဲ လည်း တာဝန်ရှိ ပါတယ်။ ကျွန်တော်အနေနဲ့အားလုံး ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တစ်ခု စနစ်တကျ ဖြစ်ပေါ် လာစေဖို့အတွက် ၂ဝ-၁-၂ဝ၁၃ ရက်နေ့က လူထုအခြေပြု အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ၂၇-၁-၂ဝ၁၃ ရက်နေ့ကလည်းသက်ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့ အစည်းများနှင့ ကျွန်တော်တို့အစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးများနှင့် လည်း စားပွဲဝိုင်း ဆွေးနွေး မှုများကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံမှုတွေကနေအစပြုပြီး ပြည်ထောင်စုအဆင့် ၊ ပြည်နယ်၊ တိုင်းဒေ သကြီး အဆင့်ကစလို့ အစိုးရယန္တရား အဆင့်ဆင့်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူ လူထုတွေ ပါဝင်တဲ့ အုပ်ချုပ်မှုဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။

တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများ အောင်မြင် စေဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်မှု တို့ကိုလည်း အလေးထားဆောင်ရွက်ရမယ့် အချိန်ကာလလည်းဖြစ်ပါတယ်။ ယခုဖြစ်ပွား နေတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသများက ပြည်သူအများစု ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှုတွေ ဟာလည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသား ညီအစ်ကိုများအားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူ အညီတွေ ထိရောက်စွာပေးနိုင်ဖို့ အသင့်ပြင်ဆင်လုပ်ကိုင်လျက်ရှိပါတယ်။ သင့်တော်သော နိုင်ငံတကာအဖွဲ့ အစည်းများ နှင့်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာလည်း ဆုံးရှုံးနစ်နာမှုများ ရပ်ဆိုင်း နိုင်ဖို့နဲ့ အများပြည်သူ လိုလားတောင့်တနေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့ အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များအားလုံး စားပွဲဝိုင်း သို့ လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းကြရန် ကျွန်တော့်အနေနဲ့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။ မိမိတို့ ကြိုးပမ်း တည်ဆောက် လျက်ရှိတဲ့ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့်၊ ထိလွယ် ရှလွယ် အဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် တိုက်ရိုက်ပါဝင်ကြိုးပမ်းလုပ်ဆောင်နေသူများနဲ့ ပြည်သူ လူထု တစ်ရပ်လုံး အနေနဲ့ တညီ တညွတ်တည်းသဘောထားကြီးကြီးနဲ့ ရုန်ကန်လုပ်ကိုင်မှသာ ဒီအကျပ် အတည်းကို ကျော်လွှားအောင် မြင်နိုင်မှာ ဖြစ်ကြောင်းကိုလည်း ကျွန်တော့် အနေနဲ့ အလေး အနက် ပြောကြား လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ယခုအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အခက် အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလ အတွင်းမှာ မရဖူးသေတဲ့ အခွင့်အလမ်းတွေကိုလည်း ရရှိနေပါတယ်။ ပြည်သူ တစ်ရပ်လုံးဟာ ကျွန်တော်တို့နဲ့ အတူ ဒီအခက်အခဲတွေကို ဝိုင်းဝန်ကျော်ဖြတ်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။ မကြာ ခင်မှာ ကျရောက်တော့မယ့် (၆၆)နှစ်မြောက် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ တစ်မျိုး သားလုံး စုစည်းခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည်းနှိုးဆွပြီး ပြည်သူတစ်ဦးချင်းစီ အနေနဲ့ နိုင်ငံ တည်ဆောက် ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်းနိဂုံးချုပ်အပ်တယ်။

မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ။၁ ဖေဖော်ဝါရီ ၂၀၁၃

မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...