
အဖြူရောင် ကန္တာရဟာ ကန္တာရထဲကို ခရီးသွားလာသူတို့အတွက် နိဗ္ဗာန် ဘုံလေးတစ်ခုလို့တောင် တင်စားလို့ ရလောက်အောင် လှပသာယာတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ကီလိုမီတာ တစ်ထောင်ခန့်ကျယ်ဝန်းပါတယ်။ သို့သော်လည်း ၄င်းအဖြူရောင် ကန္တာရထဲမှာ ရေကန်ငယ်လေး ရှိပြီး မိုးလည်း ပုံမှန်ရွာသွန်းတတ်သော်လည်း သစ်ပင် အလွန် နည်းပါးပါတယ်။
သဲပုံတွေကြားက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ရေအိုင်တွေဟာ မိုးရွာပြီးတာနဲ့ ရေတွေ ပြည့်လာတတ်ပြီး အပြာရောင် ကနေ အစိမ်းရောင်အထိ မိမိကြည့်ရှုတဲ့နေရာ အနေအထားကိုလိုက်ပြီး အရောင် ပြောင်းနေတာ ကို တွေ့ရပါတယ်။အဖြူရောင်သဲပြင်တွေကြားက မြင်ရတဲ့ ရေအိုင်တွေဟာ ကျောက်မျက် ရတနာ တောက်ပနေသလိုမျိုး လှပစွာ တွေ့မြင်နိုင်တာ ဟာလည်း အဖြူရောင် ကန္တာရ ရဲ့ ထူးခြားစွာ လှပတဲ့ အချက်ဘဲဖြစ်ပါတယ်။
သာယာလှပတဲ့ အဖြူရောင်ကန္တာရကို ဘရာဇီးအစိုးရရဲ့ ကာကွယ်စောင့်ရှော က် တဲ့အစီအစဉ်အနေနဲ့ မည်သည့်ကိုယ်ပိုင်ကားတွေကိုမှ ဝင်ခွင့်မပြုပါဘူး။ ဥယျာဉ်က စီစဉ်ထားတဲ့ လေးဘီး ထရပ်ကားတွေနဲ့သာ အတွင်းထဲကို ဝင်ရောက်ခွင့်ရှိပါတယ်။
ကန္တာရထဲက ကြည်လင် သန့်စင်နေတဲ့ ရေအိုင်ထဲမှာ ငါးတွေကိုတောင် တွေ့နိုင်ပါတယ်။ ဒီလောက်တောင် လွင်တီးခေါင် သဲကန္တာရထဲ ငါးတွေကို ဘယ်က ဘယ်လို ဝင်ရောက်လာသလဲ စဉ်းစားစရာပါ။ သို့ပေမဲ့ ဖြစ်နိုင်တာက ပင်လယ်ပျော်ငှက်တွေဟာ ငါးတွေကို ပင်လယ်ကနေ စားသောက်ပြီး ငါးထဲမှာ ပါလာတတ်တဲ့ ငါးဥတွေဟာ ငှက်တွေရဲ့ ဝမ်းထဲကိုရောက်သွားပြီး မစင်မဖြစ် ရေကန်နား စွန့်ပစ်မိရာက ၄င်း ငါးဥကနေ ငါးတွေ ရှင်သန်ပေါက်ဖွား လာ တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မျက်စိတဆုံး ကျယ်ပြောလှတဲ့ သဲပြင် ဖြူလွလွတွေကြားမှာ စိမ်းစိုစိုရေကန်တွေ တည်ရှိနေတာဟာ ရောက်လာသူတိုင်းရဲ့ စိတ်နှလုံးကို သိမ်းကျုံးဆွဲငင်နိုင်စွမ်း ရှိလှတဲ့အတွက် ဘရာဇီးက သဘာဝအလှအတိုင်း တည်ရှိဆဲ အဖြူရောင် ကန္တာရကို လာရောက်လည်ပတ်သူတွေ တစ်နေ့တစ်ခြား များပြားလို့လာ ပါတယ်။ လာရောက်လည်ပတ်သူတွေကြောင့် အဖြူရောင်ကန္တာရရဲ့ အလှအပတွေ ပျက်စီးမှာ၊ ရေကန်တွေ ညစ်နွမ်းမှာ၊ ခမ်းခြောက်မှာကိုတော့ တာဝန်ရှိသူများက ထိမ်းသိမ်း စောင့်ရှောက် ရမှာ ဖြစ်ပါတယ်။ အခါအခွင့် သင့်ရင်တော့ အဖြူရောင် သဲသောင်ပြင်တွေနဲ့ လှပနေတဲ့ ကန္တာရထဲကို အလည်သွားကြပေါ့ဗျာ...
အလင်းရောင်
လမင်းမောင်
No comments:
Post a Comment