ဧဒင်အချစ်ပုံပြင်: မိခင်အရင်းဖြစ်သူက သမီးဖြစ်သူအား စွန့်ပစ်မှုဖြစ်ပွား

Wednesday, 2 January 2013

မိခင်အရင်းဖြစ်သူက သမီးဖြစ်သူအား စွန့်ပစ်မှုဖြစ်ပွား

မိခင်အရင်းဖြစ်သူက သမီးဖြစ်သူအား
စွန့်ပစ်ခဲ့၍သက်ဆိုင်ရာရဲစခန်းမှတစ်ဆင့်
 ပြန်လည်အပ်နှံခဲ့ရသော ဖြစ်စဉ်တစ်ခု အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာလ ၂၉ ရက်က ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး မှတ်တိုင်တွင် ငိုနေသော အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသမီးတစ်ဦးက အိမ်ပြန်ပို့ပေးမည်ဟုပြောကာ ခေါ်ဆောင်သွားသည်ကို အနီးပတ်ဝန်းကျင်မှ ဈေးရောင်းချသူများက မသင်္ကာ၍ ယင်းကလေးငယ်ကို ပြန်လည်ခေါ်ယူခဲ့သည်။

ထို့နောက် ကလေးငယ်က အင်းစိန်မြို့နယ်တွင်နေကြောင်း ပြောပြသဖြင့် အင်းစိန်ရဲစခန်းသို့ သွားရောက်အပ်နှံပေးခဲ့ကြောင်း၊ ကလေးငယ်အား ရဲစခန်းသို့ လိုက်လံအပ်နှံပေးခဲ့သူ ကိုမင်းဟန်ဌေးက ပြောသည်။ ကလေးငယ်၏ မိခင်ဖြစ်သူက ၎င်းကို အဆိုပါမှတ်တိုင်တွင် စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။

အင်းစိန်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်မှူး ဒုရဲအုပ် စောမင်းသိမ်းက “စွန့်ပစ်သွားတဲ့ သူ့မိဘတွေကို အရေးယူ ဖို့အပိုင်းက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ကလေးကို သူ့အဘွားလက်ထဲ ပြန်အပ်ပေးခဲ့ပါတယ်” ဟု ပြောသည်။

“ကြွေးတွေပေးစရာရှိလို့ ကလေးကို အိမ်ဖော်လုပ်ခိုင်းမယ်ဆိုပြီး ထွက်သွားတာပါ။ သူတို့မှာ နေစရာအိမ်လည်း မရှိတော့ဘူး။ သူတို့နေတဲ့ တဲလေးက ပြိုကျသွားတာ တစ်ပတ်လောက်ရှိပါပြီ” ဟု ကလေးငယ်၏ ဒေါ်လေးဖြစ်သူ မ၀င်းဌေးကပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်းက “အဲဒီလိုပဲ မြို့ထဲမှာထားခဲ့တာ သုံးခါလောက်ရှိပါပြီ။ အခုလို ရဲစခန်းကနေ ပြန်ပြန်ပို့ပေးတာပါ။ သူတို့အတွက်တော့ မဆန်းတော့ပါဘူး” ဟု ဆိုသည်။

ကလေးငယ်၏ မိဘများသည် အင်းစိန်မြို့နယ် ကမ်းနားလမ်းအနောက်ရပ်ကွက်တွင် နေထိုင်ပြီး အလုပ်အကိုင်အတည်တ ကျမရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း ကြွေးလာရောက်တောင်းသူများနှင့် ညစဉ်ညတိုင်း စကားများရန်ဖြစ်ကြပြီး ညအိပ်ချိန်ရောက်မှသာ ရပ်ကွက်အတွင်းသို့ တစ်ခါတစ်ရံ ပြန်လာတတ်ကြောင်း ဘေးပတ်ဝန်းကျင်နေသူများက ပြောသည်။

“ကိုယ့်သားသမီးတွေကို အခုလို ပစ်စလက်ခတ် စွန့်ပစ်မယ့်အစား ဂေဟာတစ်ခုခုမှာ သွားအပ်သင့်ပါတယ်။ သူတို့ကို ဥပဒေအရ အရေးယူဖို့ထက် ပညာပေးဖို့ လိုအပ်ပါတယ်” ဟု ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ပေးနေသော ဆရာမကြီး ဒေါ်သန်းမြင့်အောင်က ဆိုသည်။

ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ်အတွင်း မိဘများက စွန့်ပစ်ခဲ့သော ကလေးငယ် ၁၃ ဦးရှိပြီး ၎င်းတို့ကို ခေါ်ယူထိန်းသိမ်းကာ ပြုစုစောင့်ရှောက်မှုပေးနေကြောင်း ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှ ဆရာမကြီး ဒေါ်ခင်မာအေးက ပြောသည်

7 Day News Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...