ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း ဆင်သတ်၊ ဆင်စွယ်ဖြတ်ကာ
တရားမ၀င်စီးပွားရှာနေသော လူအုပ်စု များကြောင့် (၇)လအတွင်း ဆင်ငါးကောင်
ခေါင်းဖြတ်အသတ်ခံခဲ့ရကြောင်း ငပုတောတိုင်းလွှတ်တော်ကိုယ်စားလှယ်များထံက သိရှိရသည်။
“တောတောင်တွေထဲမှာက ဆင်တွေအတွက် အစာရေစာရှားပါးလာကြတော့ လူတွေနေတဲ့ ရွာတွေ ၊ ကားလမ်းတွေနား ရောက်လာကြရော ၊ အဲ့ဒီမှာ မသမာတဲ့လူတွေက ဒေသခံတွေကို ပိုက်ဆံပေးပြီး ဆင်ရှိတဲ့နေရာတွေကို လိုက်ပြခိုင်းရော “ ဟု ငပုတောမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောသည်။
ခေါင်းဖြတ်သတ်ခံရသော ဆင်သေများကို စမ်ကြီးကျေးရွာ ပိုးလောင်းကျေးရွာ ၊ တောကြီးကျေးရွာ ၊ တောင်ချောင်းကျေးရွာတို့ အနီးရှိ မြစ်တရာကြိုးဝိုင်းအတွင်း၌လည်းကောင်း ၊ ငရုတ်ကောင်း မြို့နယ်ခွဲအတွင်းရှိ ဆင်မှုံသစ်တောကြိုးဝိုင်းအတွင်း၌ လည်းကောင်း ၊ ၂၀၁၂ခုနှစ် ဇွန်လမှစ၍ ဆင်(၅)ကောင် အထိ ငပုတောမြို့နယ်အတွင်း၌ ခေါင်းပြတ်သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ၄င်းက ဆက်ပြောသည်။
“ဖမ်းဆီးရေးအဖွဲ့တွေက အပူတပြင်းခြေရာခံလိုက်လည်း အဓိက ဖမ်းမိတာက လမ်းပြပေးခဲ့တဲ့ ရွာခံတွေဘဲ မိတာများတယ်။ ဖမ်းမိတဲ့ ဒေသခံတွေကို မေးတော့လည်း သူတို့လိုက်ပြပေးခဲ့တာ ဘယ်သူတွေ မှန်းမသိဘူး။ အဓိကကတော့ တိုင်းအတွင်းမှာ ဆင်စွယ်ဈေးကွက်မရှိတော့ တိုင်းကျော် နယ်ကျော် လူတွေက လာလုပ်ကြတာ” ဟု ငပုတောမြို့နယ်မှ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ဧရာဝတိတိုင်းအတွင်း၌ ဆင်စွယ်မှောင်ခို
ဈေးကွက်မရှိသော်လည်း အခြား ဒေသများတွင် ဆင်စွယ်ဈေးကွက်
များရှိနေပြီး ဆင်စွယ်များအား ပိသာချိန်အလိုက် ချိန်တွယ်
ရောင်းချကြကြောင်း ဆင်စွယ်တစ်ပိဿာလျှင် ငွေကျပ် (၈)သိန်းမှ ၊ (၁၀)သိန်းအထိ ပေါက်ဈေး ရှိကြောင်း ၊ ဆင်စွယ်တစ်ချောင်းလျှင် အနည်းဆုံး (၁၀)ပိသာမှ (၁၅)ပိဿာအထိ အလေးချိန်ရှိကြောင်း ဆင်ပိုင်ရှင်များထံက သိရှိရသည်။
“ဆင်ဖမ်းတဲ့အဖွဲ့တွေက သုံးတာက ဒူးလေးတို့ မြှားတို့မှာ အဆိပ်သုတ်ပစ်တာတွေရယ် ၊ တူမီးသေနတ်တွေ သုံးတာတွေရှိတယ်။ ပစ်တဲ့အခါမှာလည်း ခေါင်းကိုပဲ ပစ်ကြတယ်။ တခြား နေရာပစ်ရင် ဆင်အတွက်က ထိရောက်မှုမရှိဘူး ၊ ခေါင်းကိုပဲ မှန်အောင် ပစ်ပြီး သေတဲ့အခါ ဦးကင်းဖြတ်ယူကြတော့ ကျန်တဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်မတွေ့ရဘူး ၊ ဒီလိုနည်းတွေဖမ်းကြတာ ကြာလာရင် တောဆင်ရိုင်းတွေ မျိုးတုန်းသွားမှာတောင် စိုးရိမ်ရတယ်”
ဟု Beautiful Land (လှပသောမြေ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးမြင့်အောင်က ပြောသည်။
မြန်မာနိုင်ငံတွင် ဆင်ကောင်ရေ (၅)ထောင်ခန့်သာ ကျန်ရှိတော့ပြီး ဧရာဝတီတိုင်းရှိ သစ်တော ကြိုးဝိုင်း (၃၅)ခုတွင် ဆင်ကောင်ရေ (၂)ထောင်ခန့်အထိရှိပြီး ငပုတောမြို့နယ်အတွင်းမှာပင် ဆင်ကောင်ရေ (၈၀၀) ခန့်ရှိကြောင်း သစ်တောဦးစီးဌာနမှ စာရင်းများအရ သိရှိရသည်။
မျိုးမင်းထွန်း (မြစ်မခ)
Myit Makha Mediagroup

No comments:
Post a Comment