ဧဒင်အချစ်ပုံပြင်: မြစ်ရေတိုက်စားမှုကြောင့် ဇီးဖြူကွင်းကမ်းပါးပြို၍ အိမ်ခြေ(၁၉)လုံး ထပ်မံပြောင်းရွှေ့

Saturday 16 March 2013

မြစ်ရေတိုက်စားမှုကြောင့် ဇီးဖြူကွင်းကမ်းပါးပြို၍ အိမ်ခြေ(၁၉)လုံး ထပ်မံပြောင်းရွှေ့

သာပေါင်းမြို့နယ် ဇီးဖြူကွင်းကျေးရွာ၌ င၀န်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ ဆက်တိုက် ဆိုသလိုဖြစ်ပွားနေပြီး အိမ်(၁၉)လုံးခန့်ထပ်မံရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
 
ယမန်နှစ်နိုဝင်ဘာလအတွင်းမှစ၍ ကမ်းပါးပြိုကျလာခဲ့မှုကြောင့် ယခုရွှေ့ပြောင်းမှုအပါအ၀င် ရွာထက်ဝက် ခန့်ရွေ့ပြောင်းခဲ့ရပြီဖြစ်ကြောင်းနှင့် ရွေ့ပြောင်းခံများအတွက် ဘေးလွတ်ရာ ရွာအနီးရှိလယ်ကွင်းများတွင် ရွာသစ်တည်ဆောက်ပေးထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှသိရသည်။
 
အခုပြိုကျတာ ၀ုန်းကနည်းပြိုကျတာလည်း မဟုတ်ဘူး တအိအိနဲ့ပဲ့ကျနေတာဆိုတော့ အကုန်လုံးကို
တပြိုင်နက်ပြောင်းခိုင်းလို့ မရတော့ ဖြစ်လာတဲ့ အိမ်တွေကိုပဲ ရွှေ့ခိုင်းနေရတယ်ဟု ဇီးဖြူကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောသည်။
 
အဆိုပါဒေသ၌ နေထိုင်သူအများစုမှာ ရေလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်သည့်အတွက် ရွာ ပြောင်းရွှေ့ရန် သက်ဆိုင်ရာ အာဏာပိုင်များက စီစဉ်ပေးနေသော်လည်း ရေနှင့်နီးစပ်ရာနေရာ၌သာ နေထိုင်လိုခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
 
ကမ်းပါးပြိုမှုမှာ ကမ်းစပ်မှ ရွာလယ်အထိ အလျားပေ(၈၀၀)ကျော် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး မပြောင်းရွေ့ သေးသည့် ရွာသားများနေထိုင်ရာ ရွာအလယ်၌ လေးပေအနက်ရှိ ချိုင့်များ ဖြစ်ပေါ်လျက်ရှိကြောင်း ကိုလည်း ရွာသားတို့က ဆိုသည်။
 
သူတို့က ပြောင်းပဲ ပြောင်းခိုင်းနေတာ၊ အိမ်တစ်လုံးဆိုတာလည်း ဖျက်ရင်အကောင်းပြန်ရတာဆိုလို့ နည်းနည်းပဲ ရှိတော့ အိမ်ဖျက်ပြီး ချထားပေးတဲ့နေရာမှာပြန်ဆောက်ရင် နှစ်သိန်းလောက်ကုန်တာ မတတ်နိုင်လို့ မပြောင်းကြတာတွေလည်း ရှိတယ်ဟု ဇီးဖြူကွင်းရွှာခံကိုခင်ဇော်က ပြောသည်။
 
ယခုနှစ်ဆန်းပိုင်းကလည်း ဇီးဖြူကွင်း၌ ကမ်းပါးပျိုကျမှုကြောင့် အိမ်(၁၆)လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ ရသည်။
 
ဇီးဖြူကွင်းကျေးရွာသည် င၀န်မြစ်ရေ တိုက်ရိုက်တိုက်စားနိုင်သည့်နေရာတွင်ရှိပြီး ကမ်းပါးမပြိုမီက အိမ်ခြေ(၇၂)လုံးနှင့် လူဦးရေ (၃၀၀)ကျော်ရှိသည်။
 
 
မျိုးမင်းထွန်း- ဧရာဝတီတိုင်း (မြစ်မခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...