ဧဒင်အချစ်ပုံပြင်: မသန်စွမ်းသူများ အနုပညာပွဲတော်အတွက် သံတမန်များအဖြစ် အဆိုတော် ဇော်ဝင်းထွဋ်နှင့် သရုပ်ဆောင်အဆိုတော် ချစ်သုဝေတို့အား ခန့်အပ်

Saturday 16 March 2013

မသန်စွမ်းသူများ အနုပညာပွဲတော်အတွက် သံတမန်များအဖြစ် အဆိုတော် ဇော်ဝင်းထွဋ်နှင့် သရုပ်ဆောင်အဆိုတော် ချစ်သုဝေတို့အား ခန့်အပ်


မသန်စွမ်းသူများ အနုပညာပွဲတော်အတွက် သံတမန်များအဖြစ် အဆိုတော် ဇော်ဝင်းထွဋ်နှင့် သရုပ်ဆောင်အဆိုတော် ချစ်သုဝေတို့အား ခန့်အပ်ပွဲနှင့် အဆိုပါ အနုပညာပွဲတော် အမှတ်တံဆိပ် logo နှင့် ပွဲတော်ခေါင်းစဉ် Title ဆုများ ပေးအပ်ချီးမြှင့်ခြင်းကို မတ်လ ၁၆ ရက်နေ့ နံနက် ၁ဝ နာရီ၌ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပထမဦးစွာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မသန်စွမ်းသူများ အနုပညာပွဲတော်တွင် သံတမန်များအဖြစ် ပါဝင်ဆောင်ရွက်ရန်

အတွက် အဆိုတော် ဇော်ဝင်းထွဋ်နှင့် သရုပ်ဆောင် အဆိုတော် ချစ်သုဝေတို့အား ခန့်အပ်လွှာများ ပေးအပ်ခဲ့သည်။

ထို့နောက် သံတမန်များအဖြစ် ခန့်အပ်ခံရသူ အနုပညာရှင်များက အမှတ်တရစကားများ ပြန်လည်ပြောကြားရာ၌ အဆိုတော် ဇော်ဝင်းထွဋ်က ''ကမ္ဘာမှာလည်း မသန်စွမ်းတဲ့ အနုပညာရှင်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း အခုလို Talent ရှိတဲ့ မသန်စွမ်းသူတွေ အများကြီးပါ။ ကျွန်တော်ပြောချင်တာ တစ်ခုက ကျွန်တော်တို့ တစ်ဦးချင်းရဲ့ စွမ်းအားတွေက ပြင်ပက မြင်ရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကပဲ လာတာမဟုတ်ပါဘူး။ စိတ်စွမ်းအားတွေဆီကနေ လာတာပါ။
ဒါကြောင့် ဒီအနုပညာပွဲတော်မှာ မသန်စွမ်း အနုပညာရှင်တွေ အများကြီး ပေါ်ထွက်လာအောင် ပူးပေါင်းဆောင်ရွက်သွားပါမယ်'' ဟု ပြောကြားခဲ့ပါသည်။

ထို့အပြင် မသန်စွမ်းသူများ အနုပညာပွဲတော် အမှတ်တံဆိပ် logo
ဆုရရှိသူ ကိုဇင်မောင်မောင်နှင့် ပွဲတော်ခေါင်းစဉ် Title ဆုရရှိသူ
နွေးဇာခြည်စိုးတို့အားလည်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

မသန်စွမ်းသူများ အနုပညာပွဲတော်ကို အောက်တိုဘာလတွင် သုံးရက်တိုင်
ပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲတော်တွင် ပန်းချီ၊ ကာတွန်း၊ အဆို (ခေတ်ပေါ်၊ မြန်မာ)၊ အက(မြန်မာအက၊ တိုင်းရင်းသားအက၊
ခေတ်ပေါ်အက)၊ ကဗျာ (ကာရန်၊ မော်ဒန်)၊ အတီး (သံစုံ၊ တစ်ဦးချင်း၊ ဆိုင်းဝိုင်း)၊ ပြဇာတ်တို၊ ဝတ္ထုတို၊ ဆောင်းပါး၊ ရသစာတမ်း၊ ရောင်စုံဓာတ်ပုံ၊ သတင်းမှတ်တမ်း (ဗီဒီယို)၊ အငြိမ့်၊ ရုပ်သေး၊ ပန်းပု၊ ပုံတူရုပ်ပြောင် စသည့် အမျိုးအစားများအလိုက် ရွေးချယ်ပြိုင်ပွဲဝင်ရန် ဖိတ်ခေါ်ထားသည်ဟု သိရှိရသည်။

ပွဲတော်ကျင်းပမည့် အချိန်မတိုင်မီတွင် ပွဲတော်အကြို လှုံ့ဆော်မှု ဂီတဖျော်ဖြေပွဲများအား အနုပညာ သံတမန်များနှင့် ကျင်းပသွားရန်
ရှိသည်ဟု သိရှိရသည်။

ပြိုင်ပွဲအမျိုးအစားအလိုက် ပေးပို့လာသည့် ပြိုင်ပွဲဝင်များကို အနုပညာ ရပ်ဝန်းမှ တတ်ကျွမ်းသည့် ပညာရှင်များ၊ အကဲဖြတ်မည့် လူရွေးပွဲများ အားလည်း ကျင်းပသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...