ဧဒင်အချစ်ပုံပြင်: SABAH,SARAWAK ရှိမြန်မာလုပ်သားများဘဝ(မလေးရှားရောက်မြန်မာများ)

Monday 21 October 2013

SABAH,SARAWAK ရှိမြန်မာလုပ်သားများဘဝ(မလေးရှားရောက်မြန်မာများ)

Photo: SABAH,SARAWAK ရှိမြန်မာလုပ်သားများဘဝ(မလေးရှားရောက်မြန်မာများ)
*****************************************************

ကျွန်တော်တို့ ယခု Story ကိုတင်ဆက်ချင်ခဲ့တာ လွန်ခဲ့သောသြဂုတ်လကတည်းကပင် ။ လိုအပ်သောအထောက်အထား ၊ အချက်လက်များ ကာယကံရှင်များ၏ တောင်းဆိုမှု့များကို စုစည်းပြီး  ယနေ့ News Story တစ်ပုဒ်အနေဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသားများသာမက မြန်မာနိုင်ငံရှိ လူငယ်များအားလုံး ဖတ်နိုင်ရန် ကျွန်တော်တို့ ရေးသားတင်ဆက်သည် ။

ပထမဆုံး မလေးရှား နိုင်ငံ အရှေ့ခြမ်း (East Malaysia) , ဆီဗူး (SIBU) ရှိ မြန်မာနိုင်ငံသား စောသက်နိုင်ဝင်း မှ ကျွန်တော်တို့ထံ ဖုန်းဆက်အကြောင်းကြား လာခြင်းမှ စတင်သည် ။

စောသက်နိုင်ဝင်း ဖုန်းဆက်အကြောင်းကြားမှုတွင် အဆိုပါ စောသက်နိုင်ဝင်းအပါအဝင် မြန်မာစုစုပေါင်း ၁၁ ဦးသည် ငါးဖမ်းစက်လှေတွင် အလုပ်လုပ်နေကြရကြောင်း ၊ ထို ၁၁ ဦးလုံး လစာ အတည်တကျ မရသည့်အပြင် မည်သည့် အခွင့်ရေးမှ မရကြောင်း ၊ သူဌေးမှခေါ်သော အချိန်တွင် ငါးဖမ်းစက်လှေပေါ်သို့ လိုက်ရပြီး မလေးရှား နှင့် အင်ဒိုနီးရှား ရေပိုင်နက်များတွင် ငါးဖမ်းရကြောင်း ။ သူတို့ မလေးရှားသို့ မရောက်မီ ထိုင်းနိုင်ငံသို့ ဦးစွာ ရောက်ရှိ အလုပ်လုပ်ကိုင်ကြောင်း ။ မြန်မာနိုင်ငံ မြဝတီ မြို့မှ အလုပ်ပွဲစားအဆက်အသွယ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်  ပို့ဆောင်ခံ ရပြီး ထိုင်းသို့ရောက်သောအခါ အလုပ်မလုပ်ရပဲ ငါးဖမ်းစက်လှေတွင်ရောင်းစားခံရကြောင်း ၊ ထိုသို့ ထိုင်းငါးဖမ်းစက်လှေတွင် အလုပ်လုပ်ကိုင်စဉ် လှေဦးစီး နှင့်စကားများသောကြောင့် စောသက်နိုင်ဝင်း၏ လုပ်ဖော်ကိုင်ဘက်အား ရိုက်နှက်ကာ သွေးအလိမ်းလိမ်းဖြင့် ပင်လယ်ထဲပြစ်ချအစ ဖျောက်ပစ်ခဲ့ကြောင်း .... ။ 

စောသက်နိုင်မှာ မျက်မြင်ဖြစ်သောကြောင့် ထိုပိုင်ရှင်မှ စောသက်နိုင်ဝင်အား ဆက်လက်မခန့်လိုတော့ပဲ မလေးရှား ဆီဗူးရှိ တရုတ်ငါးဖမ်းလှေအား ပြန်လည်ရောင်းစားခံခဲ့ရကြောင်း ကို စောသက်နိုင်ဝင်းမှ ဖုန်းဆက်တိုင်ကြားလာခဲ့ပါသည် ။

ကျွန်တော်တို့ ဖုန်းနံပတ်များအားလုံးကို စောသက်နိုင်ဝင်းမှ ဖုန်းဆက်သည် ။ ဧရာဝတီဖောင်ဒေးရှင်း ဖုန်းနံပတ် အားလုံးကို စောသက်နိုင်ဝင်း အကူညီတောင်းသည် ။ သီတဂူဖောင်ဒေးရှင်းဖုန်းနံပတ်အားလုံးကို ခေါ်သည် ။ မလေးရှားနိုင်ငံ မြန်မာသံရုံးရှိ အလုပ်သမား ရေးရာ သို့ ခေါ်သည် ။

ယခုဆို 2 လကျော်ခဲ့ပြီ စောသက်နိုင်ဝင်း တို့ အကူညီတောင်းထားသည့်အတိုင်း ကျွန်တော်တို့ ထိရောက်အောင်မကူညီနိုင်ခဲ့သေး ။ ပင်လယ်ခြားနေရာဒေသလဲဖြစ် ၊ ကျွန်တော့်တစ်ယောက်တည်းလဲမစွမ်းဆောင်နိုင် ၊ အခြားသော အဖွဲ့အစည်းများ၏ အခက်ခဲများ အားလုံးကြောင့် စောသက်နိုင်ဝင်းတို့ မျှော်လင့်နေသော အကူညီတစ်ခုမှ အရှေ့မလေးရှား ဆာဘ ၊ ဆာရဝတ် ရှိ ဆီဗူး ဒေသသို့ မည်သူမျှ မကူညီခဲ့ကြပါ ။

မြန်မာသံရုံးရှိ အလုပ်သမား ရေးရာ တာဝန်ခံ ဦးစိုးဝင်းထံသို့ စောသက်နိုင်ဝင်းဖုန်းဆက်နိုင်ရန် ကျွန်တော် နံပတ်ပေးသည် ။ ထိုကတည်းက စောသက်နိုင်ဝင်း ဖုန်းထပ်မဆက်တော့ ။

လွန်ခဲ့သော ၂ ပတ်ခန့်က စောသက်နိုင်ဝင်း ဖုန်းဆက်သည် ။ 

" အကိုကျွန်တော်တို့ထဲက 6 ယောက်နဲ့ ကျွန်တော်တို့နားက ၂ ယောက်တော့ ပြီးခဲ့တဲ့ အဖမ်းဆီးကာလတုန်းက ပါသွားတယ် ကျွန်တော်နဲ့ နောက် ၅ ယောက်ကတော့ လှေပေါ်ရောက်နေလို့ လွတ်သွားတယ် ၊ ကျွန်တော်အားလုံးအမှန်တွေပြောနေတာပါခင်ဗျာ ၊ အရမ်းပြန်ချင်ပါတယ် ၊ ပြန်လို့ရအောင် ကူညီကြပါဗျာ ၊ ... "

ကျွန်တော်တို့ စိတ်မကောင်း.... 
" ညီရာ သူတို့ မြန်မာပြည်ကိုရောက်ဖို့ ပိုအခွင့်သာသွားတာပေါ့ကွာ" လို့ပြောလိုက်မိသည် ။ စောသက်နိုင်ဝင်းရော ကျွန်တော်ပါ မည်သည့်အသံမျှ မထွက်တော့ ။

ကျွန်တော် ဒီအတိုင်းဆက်ပြီး တစ်စုံတစ်ယောက်၏ အကူညီစောင့်ကာ ဒုက္ခသည် လက်လွဲနေလျှင် သူတို့ ရှေ့ရေးခက်မည် ။

ကျွန်တော် ထိုဒေသသို့သွားလျှင် လေယာဉ်ဖြင့်သွားရမည် ။ ကျွန်တော် လေယာဉ်စီးရန် မဖြစ်နိုင်သေး ၊ ပါမစ်မကပ်ရသေးသော ကျွန်တော့်အတွက် ဆီးဗူးမပြောနှင့် နယ်ထွက်ရန်ပင် အလွန်းခက်နေသောကာလ ။

ထို့သို့ စောသက်နိုင်ဝင်တို့ ဒုက္ခ ကူညီရန် အစစ ပြင်ဆင်နေချိန်တွင်ပင် ၊ ဆာရဝတ် ဒေသမှ မြန်မာ တစ်ဦး ဖုန်းကို လက်ခံရပြန်သည် ။

" အကိုကူညီပါဦး ကျွန်တော်တို့ ဘယ်ကိုဆက်သွယ် အကူညီတောင်းရမလဲ ခု ကျွန်တော်တို့ က ကျောက်မီးသွေ မိုင်းကပါ ၊ ကျမ်းမာရေးလဲမကောင်းဘူး ၊ သူဌေးကလဲ အရမ်းမိုက်ရမ်းတယ်အကို ၊ မနေ့က မြန်မာတစ်ယောက်ကို ဖုန်းဆက်လို့ဆိုပြီး ထိုးတာ ခု အလုပ်မလုပ်နိုင်ဘူး ၊ ကျွန်တော်တို့ကို မြန်မာပြည်က အေးဂျင်း ပို့တုန်းက ဆောက်လုပ်ရေးဆိုပြီး ပို့တာပါ . ခုလုပ်ရတော့ ကျောက်မီးသွေးမိုင်းကြီးမှာအကို ၊ အလုပ်လဲ အချိန်မှန်မှန်မပြန်ရ ၊ အပြင်လဲမထွက်ရ ၊ လစာလဲ မရ ၊ သူဌေးကိုလဲကြောက်ရ ၊ မိုင်းကိုလဲကြောက်ရနဲ့ ၊ အကိုတို့လာခေါ်လိုရရင် လာခေါ်ပါဗျာ တောင်းပန်ပါတယ် ...အရမ်းနေရတာ ဆိုးလို့ပါအကို  ။ ကူညီပါ ... ။

ကျွန်တော် ဘာပြောရမှန်းမသိတော့ ... ။ 

မလေးရှားရှိ ပုံပြင်များအားလုံး၏ အခြေခံသည် အနောက်မလေးရှား ယခု မြန်မာနိုင်ငံသားများစွာ ရှိနေသာ Peninsular Malaysia တွင်းသာ စတင်ခဲ့သည်ချည်းဖြစ်သည် ။ 

ယခု စောသက်နိုင်ဝင်း တို့အဖွဲ့ ၊ ကျော်မီးသွေးမိုင်းမှ မြန်မာများ အပါအဝင် အစော်ကားခံ ၊ အရောင်းစားခံ ၊ အနိုင်ကျင့်ခံ ၊ အခွင့်ရေးချိုးဖောက်ခံ ၊ လစ်လျှူရှုခံ ၊ အလိမ်ခံ ၊ အေးဂျင်းတာဝန်မယူခံ ၊ ခံ ၊ ခံ ၊ ခံ နေရသော မြန်မာမည်မျှ ရှိမည်ဆိုသည်ကို ကျွန်တော် မသိတော့ ....

ယခုကဲ့သို့ ဖြစ်ပျက်နေမှုများအတွက် တာဝန်ယူဖြေရှင်းပေးမည့်သူ မည်သူရှိမည်နည်း ကျွန်တော်ရှာမည်  ၊ မြန်မာနိုင်ငံသားကို မြန်မာအစိုးရ မှ ထိရောက်သော စာလုံးများမဟုတ်ပဲ ထိရောက်သော အကူအညီ ပေးရမည့်တာဝန် သိအောင် ကျွန်တော် တတ်သလောက်ရေးမည် ။ 

ကျွန်တော်သံရုံးသို့ သွားမည် ။ ဦးစိုးဝင်းထံအကုညီတောင်းမည် ။ မည်သူရှိစေ အကူညီတောင်းမည် ။ မည်သည့်အဖွဲ့အစည်းမဆို အကူညီတောင်းမည် ။ ပါမစ်လဲရပြီ ။ 

ကျွန်တော်တို့ မြန်မာနိုင်ငံသားများသည် အပြောကောင်းလျှင် အယုံလွယ်သည် ။ မြန်မာပြည်မှ မိဘ ကို ကန်တော့ကာ လေယာဉ်ပေါ်တက်ပြီး နိုင်ငံတကာ လေဆိပ်များသို့ရောက်ရှိချိန်မှစတင်ကာ ကျွန်တော်တို့ မြန်မာနိုင်ငံသားများသည် ယနေ့တိုင် အစော်ကားခံရဆဲဖြစ်သည် ။

ကျွန်တော်လုံးဝမခံနိုင်ပါ ။ ထို့အပြင် ယခု စောသက်နိုင်ဝင်း ၊ ကျောက်မီးသွေးမိုင်းမှ မြန်မာများ အပါအဝင် ရိုင်းပြရင့်သီး လူမဆန်စွာ တရိစ္ဆာန်ကဲ့သို့ ခိုင်းစေမခံရအောင် ကျွန်တော်တို့တွင် ဦးစွာတာဝန်ရှိသည် ။

မိခင်တိုင်းပြည်မှ မထွက်ခွာမှီ မိမိတို့ အမှန်တကယ် လုပ်ရမည့် အလုပ်ကို တိကျသေချာအောင် အေးဂျင်းများ နှင့်ဦးစွာ စာချုပ်ချုပ်ရန် ကျွန်တော်တို့အကြံပြုသည် ။ အလုပ်မတူလျှင်ကို လက်မခံပါနှင့် ။ ကျွန်တော့်အား မလေးရှားပို့ခဲ့သော အေးဂျင်းသည် အိမ်ဆောင်ပစ္စည်းဆိုင်ဟုပြောပြီး မလေးရှားသို့ ပို့သည် ။ မလေးရှားရောက်တော့ ကွန်ကရစ် ပိုက်အကြီးစား ထုတ်သော စက်ရုံးတွင် လုပ်ရသည် ။ လူလဲ ကျွဲဖြစ်နေပြီ ။ ကျွန်တော့်လုပ်ဖော်ကိုင်ဘက် လဲ ခြေတစ်ဖက် ပြတ်ပြီ ။ ထိုသို့ လက်တစ်လုံးခြားကို အလိမ်မခံရအောင် မိမိတို့ မိဘ ဆွေမျိုးများ နှင့် အေးဂျင်းအားစာချုပ်ချုပ်ခိုင်းပါ ။ မမှန်ကန်ပါက တရားစွဲပါ ။

မလေးရှားတွင် အလုပ်လုပ်ကိုင်ရန် မလာနှင့်ဟု မဆိုလို ။ မြန်မာပြည်မှ Manpower ကုမဏီများသည် မိမိတို့ လူမျိုး ကို တန်ဖိုးထားရန် ကျွန်တော်တို့ အကြံပြုသည် ။ ယနေ့သည် မြန်မာနိုင်ငံများအား ကျွန်တစ်ယောက်လို ရောင်းစားနေခြင်းကား ရပ်တန့်ပစ်ရန် ကျွန်တော်တို့တွင် အပြည့်အဝတာဝန်ရှိသည် ။

ယခု မလေးရှားသို့စေလွတ်မည့် အလုပ်သမားများကို မြန်မာပြည်မှ စီစစ်ကာ မည်သည့်အလုပ် ၊ မည်သည့်နေရာ ၊ မည်သည့် ကုမဏီ ၊ လစာမည်မျှ စသဖြင့် မလေးရှားနိုင်ငံ မြန်မာသံရုံးရောက် ဦးစိုးဝင်း အား ထောက်ခံစေကာ တိကျမှသာစေလွတ်သည် ။ ကြိုဆိုသည် ။ ထောက်ခံသည် ။ထိုကဏ္ဍများအတွက် မြန်မာသံရုံးမှ  ဦးစိုးဝင်းတစ်ဦး တည်းသည် ထိရောက်သာ စီမံမှုမဟုတ် ။ ဦးစိုးဝင်း ကဲ့သို့သူ များစွာ ကျွန်တော်တို့လိုအပ်သည် ။

ဂျိုဟိုးတွင် တစ်နေရာတည်း မြန်မာမိန်းခလေး ၂ ဦး ၂လ ခြား မဒိမ်းကျင့်ခံရသည် ။ ထို့အတွက်  မြန်မာမိန်းခလေးများအား မြန်မာသံရုံးနှင့် ဝေးကွာသော နေရာများသို့ မစေလွတ်တော့ကြောင်း ကြော်ငြာချက်အား ထုတ်ပြန်သည်  ။

ပြီးခဲ့သော 19.10.2013 က မြန်မာမိန်းခလေးချင်းစကားများရာမှ မြန်မာသံရုံး နှင့် 3 ကီလိုမီတာခန့်သာဝေးသာ ပန်ဒမ်းမယ်ဝ (အမ်းပန်းဆေးရုံးအနီးတွင်) ဓားဖြင့် ငါးခုတ်သလို ခုတ်ခံထားရသည် ခုတ်သူများကိုတော့ ကျွန်တော်မဖော်ပြတော့ ။ ကံကောင်း၍ မသေ ၊ သို့သော် လက် ၂ ချောင်းလုံး တော့ ပြတ်ထွက်သွားခဲ့သည် ။ မြန်မာနိုင်ငံမှ တာဝန်ရှိသူများ မည်သည့်ဆုံးဖြတ်ချက်ချမည် ကျွန်တော်မသိသေး ။

ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံး ၊ တိုင်းရင်းသားအားလုံး ၊ ဘာသာအားလုံးထံတွင် ယနေ့ စိတ်ဓာတ်တစ်ခု ရှိရန် တိုက်တွန်းချင်သည် ။

ကျွန်တော်တို့သည် ကျွန်မျိုး ၊ ကျွန်နိုင်ငံသား ၊ ကျွန် Citizen များမဟုတ်ပါ ။

ယခင်သံအမတ်ကြီး က မူးလို့ရူးလို့ ဖြစ်တာ ၊ ဘာလို့ဖြစ်တာ .. ။ သံအမတ်ကြီး ဘူးခံငြင်း ၊ ပြည်သူလူထုကို လိမ်လည် ။ မြန်မာနိုင်ငံသား ၆ ယောက်က အသက်ပျောက်နေပြီ ။ ဒဏ်ရာရသူမပါ ။ 

ထိုသို့သော တာဝန်ရှိသူများကို ကျွန်တော်တို့မလိုချင်ပါ ။ အထက်ဖား အောက်ဖိ အရည်ချင်းမရှိ ဘာသာစကားမကျွမ်းကျင် ။ သံသမံရေးရာအား အိမ်ဆိုင်လို သဘောထားနိုင်မည့် သံအမတ်များ မြန်မာပြည်မှ မစေလွတ်ပါနှင့် ။

မည်သြူုဖစ်ဖြစ် ပိုက်ဆံရ လျှင် ပတ်စပို့ထုတ်ပေးသော တာဝန်ရှိသူများ မစေလွတ်ပါနှင့် ။ 

မြန်မာနိုင်ငံသားများ မတရားဟု ယူဆပါက သေသည်အထိ တွန်းလှန်ပါ ။ ကျွန်တော်တို့ရှေ့တွင် နိုဘယ်လ် ဆုရှင် မရပ်တည်သေးပါ ။ ပါတီများ နာမည်ယူတုန်းရှိသေးသည် ။ အစိုးရ မြေစမ်းခရမ်းပျိုး ခြင်းအဆင့်ရှိသေးသည် ။ သီတဂူ ဆရာတော်ကြီး နှင့် ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီသည် လူမှုကူညီမှုသာဖြစ်သည် ။ အစိုးရသည် ထို့ထက်မက မြန်မာနိုင်ငံသားများအပေါ် တာဝန်ယူနိုင်ရဲရမည်  ။ 

လွန်ခဲ့သော နှစ်များက ဖိလစ်ပိုင်နိုင်ငံသား မိန်းခလေးတစ်ဦးအား မလေးရှားနိုင်ငံသားများက ဆွဲရမ်းစော်ကား ပြုမူသောကြောင့် ဖလစ်ပိုင်နိုင်ငံသားများ နှင့်မလေးများရန်ဖြစ်ခဲ့ဘူးသည် ။ မလေးရှားရဲများ သည် ဖိလစ်ပိုင်များ ဆုတောင်းသော ချတ်ကျောင်းရှေ့တွင် စောင့်ဖမ်းသည် ။ 
ပြဿနာ များစွာ အပြီးအဆင့်ဆင့်စော်ကားခံရသည်ဟု ယူဆသော ဖိလစ်ပိုင်အစိုးရသည် ဖိလစ်ပိုင်နိုင်ငံသားမှန်သမျှကိုစစ် လေယာဉ်ဖြင့်အကုန်လာရောက်ခေါ်ဆောင်သွားခဲ့သည် ။ မလေးရှားအစိုးရမှ အထူးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့လွတ်ကာ တောင်းပန်ရသည်အထိ ဖိလပိုင်အစိုးရ က ကိုင်တွယ်သွားခဲ့သည် ။

ယနေ့မြန်မာ မိန်းခလေး 2 ဦး ဘဝပျက်ပြီး တစ်ဦး လက်ပြတ်ပြီ ။
အရှေ့တောင်အာရှတွင် စစ်အင်အားကြီးနိုင်ငံဖြစ်သော မြန်မာအစိုးရ၏ တာဝန်ရှိသူများအားလုံး လွတ်တော်ထဲတွင် ဘာသံမျှမပြောကြသေး ။

ကျောင်းသားဟောင်းများ ကန့်ကွက်စာ ပို့ကောင်းပို့မည် ။ နိုဘယ်ဆုရ အမေစု မကြားသေးလားမသိပါ ။ ပါတီများ နာမည်ကောင်းယူမည် ။ သို့သော် မြန်မာများကတော့ ယနေ့တိုင်စော်ကားခံနေရဆဲ ။ ရှက်တတ်က သေလို့ပါရသည် ။ ကျွန်တော်တို့ဆက်လက်အစော်ကားခံကြရလိမ့်ဦးမည် ။ 

ယနေ့ကျွန်တော်တို့ လုပ်နိုင်သော အရာအားလုံးကို ကျွန်တော် တို့စတင်ဆောင်ရွက် ရမည် ။ မြန်မာနိုင်ငံသားတိုင်းမဟုတ်သော်ငြား မတရား ခံနေရပါက ကျွန်တော်တို့တွင်တာဝန်ရှိသည် ။ 

ကျွန်တော်တို့လူနည်းစု မစွမ်းသာသောကြောင့် ဝိုင်းဝန်းကူညီမည့်သူအားလုံး ကို ကျွန်တော် ရိုသေစွာ အကူညီတောင်းခံသည် ။

စောသက်နိုင်ဝင်း တို့လို မတရားခံနေရသော မြန်မာများအတွက် မိမိတွင် တာဝန်ရှိသည်ဟု ယူဆပါက ကျွန်တော်တို့အားကူညီပါ ။

ကျွန်တော်တို့ ငွေမတောင်းပါ ။ ယနေ့ ကျွန်တော်လိုအပ်သော အဓိက အကူအညီသည် တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ထိုအစော်ကားခံနေရသော မြန်မာနိုင်ငံသားများ ကို အမိမြေသို့ပြန်လည်ပို့ဆောင်ချင်သည် ။ လူမှုကူညီရေးအဖွဲ့များ၏ အကူညီဖြင့် ကူညီပါက မြန်မာအစိုးရ၏ တာဝန်ယူမှုဆိုသည်မှာ ထပ်ရှိလာနိုင်စရာမရှိတော့ပါ ။ သို့သော်ကျွန်တော်တို့ ထိုင်မနေနိုင်ပါ ။

ဆီဗူး နှင့် ဆာရဝတ် ဒေသသို့ သွားနိုင်သောသူများအားလိုအပ်ပါသည် ။ 
ကျွန်တော်နှင့်အတူ လိုက်လံကူညီမည့်သူများအား လိုအပ်သည် ။ ကူညီနိုင်ပါက မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာတွင် Massage ပို့ထားနိုင်သည် ။

မြန်မာနိုင်ငံအားလုံးကို ကျွန်တော်ယခု မလေးရှားရောက် မြန်မာများ facebook စာမျက်နှာမှတဆင့်  အကူညီတောင်းခံသည် ။

အောက်ပါပုံသည် စောသက်နိုင်ဝင်းနှင့်အတူလုပ်ဖော်ကိုင်ဖက်များပုံဖြစ်သည် ။ 
ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် သက်သေအဖြစ်မြင်နိုင်ရန် သာတင်ပြခြင်းဖြစ်သည် ။

မလေးရှားရောက်မြန်မာများ 
www.facebook.com/mmrinmy
Admin Approved

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...