ဧဒင်အချစ်ပုံပြင်: ကမ္ဘာ့ဖလားဖွင့်ပွဲ၏ ဖျော်ဖြေပွဲအစီအစဉ်မှ ဂျနီဖာလိုပက်ဇ် ရုတ်တရက်နုတ်ထွက်

Monday 9 June 2014

ကမ္ဘာ့ဖလားဖွင့်ပွဲ၏ ဖျော်ဖြေပွဲအစီအစဉ်မှ ဂျနီဖာလိုပက်ဇ် ရုတ်တရက်နုတ်ထွက်



ဓာတ်ပုံ- Getty Images
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်သီဆိုဖျော်ဖြေရန် စီစဉ်ထားရာမှ ဂျနီဖာလိုပက်ဇ်အနေဖြင့် ရုတ်တရက် နုတ်ထွက်သွားသည်။
ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ပြိုင်ပွဲစတင်ရန် ရက်အနည်းငယ်မျှသာ လိုတော့သည့်ချိန်တွင် အမေရိကန် Popဂီတ ကြယ်ပွင့်က ယခုကဲ့သို့ ရုတ်တရက် နုတ်ထွက်သွားခြင်း ဖြစ်သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က တနင်္ဂနွေနေ့တွင် ယင်းသတင်းကို အတည်ပြု ကြေညာခဲ့သည်။

ဂျေလိုသည် ကမ္ဘာ့ဖလားအတွက် ရေးစပ်ထားသည့် We Are One သီချင်းကို ရက်ပ်ဂီတသမား ပစ်ဘူးလ်၊ ဘရာဇီးလ်အဆိုတော် ကလော်ဒီယာလေးတီတို့နှင့် အတူတွဲဖက် ဖျော်ဖြေရန် စီစဉ်ထားခဲ့သည်။
ဆော်ပေါ်လိုမြို့တွင် ကျင်းပမည့် ဖွင့်ပွဲအခမ်းအနား ဖျော်ဖြေမှု အစီအစဉ်များမှ ဂျေလို ရုတ်တရက် နုတ်ထွက်သွားခြင်းသည် အစီအစဉ်ပိုင်းဆိုင်ရာ အဆင်မပြေမှုကြောင့်ဟု FIFA၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
သို့သော်လည်း သတင်းများကမူ ယခုကိစ္စသည် ဂျေလိုနှင့် ချစ်သူ အကသမား ကက်စ်ပါစမတ်တို့ လမ်းခွဲလိုက်ခြင်းနှင့် ဆက်နွှယ်နေနိုင်ကြောင်း သုံးသပ်ရေးသားခဲ့သည်။
ဂျေလိုသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကက်စ်ပါနှင့် လမ်းခွဲလိုက်ကြောင်း သိရှိရသည်။
ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားတွင် ဂျွမ်းဘားပညာရှင်များ၊ အခြားသော အနုပညာရှင်များ အပါအဝင် လူ(၆၀၀)မျှဖြင့် ဖန်တီးမည့် (၂၅)မိနစ်ကြာ အစီအစဉ် ပါဝင်ပြီး ယင်းကို We Are One သီချင်းဖြင့် အဆုံးသတ်ရန် ရည်ရွယ်ထားခဲ့သည်။
ပစ်ဘူးလ်ကမူ ဂျေလို နုတ်ထွက်သွားသည့်တိုင် ဖျော်ဖြေမှု အစီအစဉ်ကို ရှေ့ဆက်သွားမည်ဟု ပြောကြားသည်။
“ဘရာဇီးလို လှပတဲ့ နိုင်ငံတစ်ခုမှာ We Are One ကို တစ်ကမ္ဘာလုံးအတွက် ဖျော်ဖြေရမယ့် ကိစ္စက အင်မတန် ပျော်စရာ ကောင်းပါတယ်။ ဒီထက်ပိုအရေးကြီးတဲ့ အချက်က ဂီတဆိုတာ ခုအချိန်မှာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ဘာသာစကား ဖြစ်လာပြီလေ”ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားကို ဆော်ပေါ်လိုရှိ ကိုရင်သီယန် ဘောလုံးကွင်းကြီးတွင် ကျင်းပမည်ဖြစ်ပြီး ပရိသတ် (၆၀၀၀၀)ကျော် တက်ရောက်အားပေးမည်ဖြစ်ကာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လူပေါင်း သန်း(၁၀၀၀)ကျော်မျှ စောင့်ကြည့်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားသည်။
-Ref: Channel News Asia
7day

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...