အိန္ဒိယနိုင်ငံတွင် ပြစ်ဒဏ်ကျခံနေသော မြန်မာရေလုပ်သား ၉၀၀ နီးပါးရှိနေ
အိန္ဒိယမှပြန်လည် ရောက်ရှိလာသည့် မြန်မာရေလုပ်သားများကို နိုဝင်ဘာလ ၂၈ ရက်ကတွေ့ရစဉ်
အိန္ဒိယနိုင်ငံတွင် ပြစ်ဒဏ်ကျခံနေရသော မြန်မာရေလုပ်သား အရေအတွက် ၉၀၀ နီးပါးရှိနေပြီး အိန္ဒိယရေပိုင်နက်အတွင်း ကျူးကျော် ၀င်ရောက်သူများကို ပြစ်ဒဏ်တိုးမြှင့် ချမှတ်နေသဖြင့် ရေလုပ်သားများအနေဖြင့် ၎င်းရေပိုင်နက် အတွင်း ရောက်ရှိမှုမရှိစေရန် သတိထားရန်လိုအပ်ကြောင်း မြန်မာ နိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။

“အိန္ဒိယကပြန်ရောက်လာတဲ့ ရေလုပ်သား ၁၃၅ ဦးနဲ့အတူ အဲဒီမှာ ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့လို့ လွတ်လာတဲ့သူ ခုနစ်ဦးလည်း ပါလာ ပါတယ်။ သူတို့တွေရဲ့ပြောကြားချက်နဲ့ ကျွန်တော်တို့ရရှိတဲ့ သတင်းရရှိချက်တွေအရ အိန္ဒိယနိုင်ငံ ပို့ဘလဲယားမှာရှိတဲ့ အကျဉ်းထောင်မှာပဲ ပြစ်ဒဏ်ကျခံနေရတဲ့ ရေလုပ်သား ၈၉၇ ဦးရှိတယ်လို့ သိရပါတယ်။ သူတို့တွေကတော့ ဘေးအန္တရာယ်ကြောင့် အိန္ဒိယဘက်ရောက်သွားတာ မဟုတ်ဘဲ မျှော့သွားငုပ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုနောက်ပိုင်း အိန္ဒိယ က သူတို့ရေပိုင်နက်ထဲ ကျူးကျော်လာ သူတွေကို ပြစ်ဒဏ်တိုးမြှင့် ချမှတ်နေတဲ့အတွက် ရေလုပ်သားတွေအနေနဲ့ သတိထားဖို့ လိုပါတယ်။ သိလို့ပဲ သွားသွား၊ မသိဘဲနဲ့ရောက်သွားတာ ပဲဖြစ်ဖြစ်ပြစ်ဒဏ်ကျ ခံရရင်မကောင်းပါဘူး။ ဒါကြောင့် ရေလုပ်သားတွေ ဒီကိစ္စကိုသိရှိအောင် အသိပေးမှုတွေ ပြုလုပ်နေပါတယ်” ဟု၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်က အိန္ဒိယပိုင်ကျွန်းတွေဘက်မှာ မျှော့သွားငုပ်ရင်းနဲ့ ပြစ် ဒဏ်ကျခံရတာပါ။ သုံးခေါက်သွားတာ နှစ်ခေါက် အဖမ်းခံခဲ့ရပါတယ်။ အခု နောက်ဆုံး အခေါက်မှာတော့ ထောင်ခြောက်လကျော်ကျပြီး ပြန်လွတ်လာတဲ့အချိန် ဒီကလေဘေးသင့် ရေလုပ်သားတွေပြန်မယ့် အချိန်တိုက် ဆိုင်သွားတဲ့အတွက် တစ်ခါတည်း လိုက်ပါခွင့်ရခဲ့တာပါ။ ကျွန်တော် နေခဲ့ရတဲ့ထောင်ထဲမှာက မြန်မာတွေ တော်တော်များတယ်။ ကုလားက အနည်းအကျဉ်းပါပဲ။ အဲဒီဘက်မှာ မျှော့သွားငုပ်တာက ပေါပေါများများ ရလို့ပါ။ အဲဒီမှာက ဖမ်းတဲ့သူတွေ လည်းမရှိကြပါဘူး။ ကျွန်တော်တို့ တစ်ခေါက်သွားရင် ၁၅ သိန်းဖိုး လောက်တော့ရပါတယ်” ဟု အိန္ဒိယတွင် ပြစ်ဒဏ်ကျခံရပြီးပြန်လည် လွတ်မြောက်လာသူ ကိုချစ်ပိုက ပြောကြားခဲ့သည်။
အိန္ဒိယရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာသည့် ရေလုပ်သားများကိုယခင်ကထောင် ဒဏ်ခြောက်လမှ ၁၂ လအထိသာ ပြစ်ဒဏ်ချမှတ်သော်လည်း ယခု အခါတွင် ထောင်ဒဏ်နှစ်နှစ်မှ ရှစ် နှစ်အထိတိုးမြှင့်ချမှတ်ရန် သတ် မှတ်ထားကြောင်း မြန်မာနိုင်ငံမှ သိရှိနိုင်ရန်အတွက် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက အသိပေး အကြောင်းကြားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားသည့် အထဲတွင် အိန္ဒိယနိုင်ငံတွင် လောလောဆယ် ပြစ်ဒဏ်ကျခံနေရသူ မြန်မာနိုင်ငံသား အများစုမှာ ရေလုပ်သားဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နှင့်အိန္ဒိယနိုင်ငံ ရေပိုင်နက်ချင်း ထိစပ်လျက်ရှိရာ သိလျက်နှင့်ဖြစ်စေ သတိမပြုမိဘဲဖြစ်စေ အိန္ဒိယ ရေပြင်ပိုင်နက်အတွင်း ရောက်ရှိလာ သောငါးဖမ်းလှေများနှင့် ရေလုပ်သားများသည် တိုးမြှင့်သတ်မှတ်ထားသည့် ပြစ်ဒဏ်များ ကျခံရမည်ဖြစ်ကြောင်းနှင့် ယခင်က အိန္ဒိယရေပိုင်နက်အတွင်း ကျူးကျော် ၀င်ရောက်လာသည့် ရေလုပ်သားများကို လှေသားရေလုပ်သားထောင် ဒဏ်ခြောက်လနှင့် လှေသူကြီး ထောင်ဒဏ်ခြောက်လမှ ၁၂ လ အထိသာ ပြစ်ဒဏ်ချမှတ်လေ့ ရှိကြောင်း ဖော်ပြပါရှိသည်။

No comments:
Post a Comment