``စီးချင်းထိုးပွဲ``ဆီဆေးပန်းချီကား။
၁၄ ရာစု၊ အင်းဝမြို့တော်၊ မြန်မာဘုရင် မင်းခေါင် စိုးစံနေစဉ်တုန်းက။ တစ်နေ့သ၌ တရုတ် ဧကရာဇ်၏ တပ်ဖွဲ့များသည် အင်းဝသို့ အလုံးအရင်းနှင့် ချင်းနင်းဝင်ရောက် လာခဲ့ကြလေ၏။
တရုတ်တို့က ဘုရင် မင်းခေါင်ထံ ရာဇသံစာလွှာ ပေးပို့ခဲ့ရာ နှစ်ဖက်စစ်သူရဲနှစ်ဦးတို့ စီးချင်းထိုးပွဲ ပြုလုပ်ရမည်။ ရှုံးနိမ့်ပါ က နေပြည်တော်ကို အပ်နှံရမည်....ဟု ပါရှိပေသည်။ ခုနစ်ရက်မြောက်သော နံနက်တွင် မြန်မာစစ်သူရဲ မွန်သမိန်ဗရမ်း နှင့် တရုတ်စစ်ရဲမက် ခါမနိ(ဂါမဏိ) တို့၏ စီးချင်းထိုးပွဲသည် မြို့ပြင်တစ်နေရာတွင် စတင်ကြလေပြီ။
အလောင်းအစားကြီးသော ဤပွဲတွင် သမိန်ဗရမ်းအဖို့ အခက်အခဲတစ်ရပ်မှာ ပြိုင်ဖက်ဖြစ်သူ ဂါမဏိသည် သံချပ်ဝတ် တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားခြင်းဖြင့် တစ်ဖက်သပ် အရေးသာနေခဲ့ခြင်းပင်ဖြစ်လေသည်။ သူတို့နှစ်ဦး မြင်းရေး ပြနေကြစဉ်
မျက်စိလျင်သော မြန်မာစစ်သူရဲသည် ဂါမဏိ၏ ချိုင်းနေရာတွင် ချပ်ကြိုးတစ်ချောင်းပြုတ်နေသည်ကိုသတိ မူမိလေတော့၏။
စီးချင်းထိုးပွဲသည် တစ်စတစ်စ အရှိန်မြင့်လာခဲ့၍ တစ်ခါမှာတော့ တရုတ်ရဲမက် ဓားကိုကိုင်မြှောက်နေစဉ် အခွင့်ကောင်း စောင့်သည့် သမိန်ဗရမ်းသည် သူ၏ လှံဖြင့် ချပ်ကြိုးပြုတ်နေသည့် ဂါမဏိ၏ ချိုင်းကြားနေရာလပ်ဆီသို့ အရှိန်ပြင်းပြင်း ထိုးစိုက်လိုက်ခြင်းဖြင့် တရုတ်စစ် ရဲမက်သည် မြင်းပေါ်မှ လဲကျ သွားခဲ့သည်။ မြန်မာ သူရဲကောင်းသည် စီးချင်းထိုးပွဲ အောင်မြင်မှုအဖြစ် ဂါမဏိ၏ ဦးခေါင်းကို ဖြတ်ယူခဲ့ခြင်းဖြင့် တရုတ်ဧကရာဇ်၏ တပ်တော်များ အင်းဝမှ ဆုတ်ခွာသွား ခဲ့ကြောင်း ရာဇဝင် မှတ်တမ်းများက ဆိုပေသည်။
အဆိုပါ အင်းဝခေတ် ရာဇဝင်ကို ပန်းချီအကျော်အမော် ဦးငွေကိုင်က သရုပ်ဖော်ရေးခြယ်ထားသည်မှာ လက်ရာလည်း မြောက်၍ ဇာတိအားအင် တက်ကြွဖွယ်ရာ အနုပညာ လက်ရာ တစ်ရပ်လည်း ဖြစ်ပေတော့သည်။
No comments:
Post a Comment