ဧဒင်အချစ်ပုံပြင်: The X Factor NZ စင်မြင့်ထက်ပေါ်က မြန်မာလူငယ်လေး ဆန်းထိုက်အောင် – Khin Lun

Sunday 24 February 2013

The X Factor NZ စင်မြင့်ထက်ပေါ်က မြန်မာလူငယ်လေး ဆန်းထိုက်အောင် – Khin Lun

The  X Factor NZ စင်မြင့်ထက်ပေါ်က မြန်မာလူငယ်လေး ဆန်းထိုက်အောင် (သို့)
မြန်မာပြည်မှာ အဆိုတော်တဦးဖြစ်ချင်တဲ့ နယူးဇီလန်ရောက် မြန်မာလူငယ်လေး
ခင်လွန်း (ခေတ္တနယူးဇီလန်)၊ ဖေဖော်ဝါရီ၊ ၂၅ ။၂၀၁၃
ကိုင်း … ဒီတနှစ်တော့ဖြင့် ကျနော်တို့ရွှေမြန်မာများသည်လဲ တခြားနိုင်ငံသားများနည်းတူ ဂလိုဘယ်အဆင့်နဲ့ ဆိုင်မွန်ကောင်ဝဲလ် (Simon Cowell )ရဲ့ (X Factor) အမေရိကန်ဒေါ်လာ ၅ သန်းထိုက် အဆိုပြိုင်ပွဲကြီးမှာ ကိုယ်နဲ့တိုက်ရိုက်ပတ်သက် ကိုယ့်နုလုံးသားနဲ့တိုက်ရိုက်နှီးနွယ် နီးကပ်စွာ ဖိဖိစီးစီးအားပေးကြဖို့ ဖြစ်လာခဲ့ပါပြီ။
ဆိုင်မွန်ကောင်ဝဲလ် (Simon Cowell )ရဲ့ ကမ္ဘာ့အကြီးအကျယ်ဆုံး အဟိန်းအထဆုံး ဂလိုဘယ်အဆိုပြိုင်ပွဲ (X Factor) အစီအစဉ်ကို အထူးအထွေ မိတ်ဆက်ပေးနေစရာ
လိုမယ်မထင်တော့ပါဘူး။ ဒီနှစ်မှာတော့ ကမ္ဘာ့ရုပ်ရှင်စတီရီယိုကြီးလို့ခေါ်ရလောက်အောင်လှပတဲ့ နယူးဇီလန်ကျွန်းနိုင်ငံလေးမှာ အဲ့ဒီ ပြိုင်ပွဲကြီးဟာ ဂီတလိုင်းမျိုးစုံ အသွေးအရောင်မျိုးစုံ အရွယ်မျိုးစုံတို့ပြန့်လွှင့်စီးမျောရင်း ပြိုင်ပွဲဝင်တွေက သူ့ထက်သူ လူစွမ်းကောင်းဖြစ်ကြောင်း သည်းကြီးမည်းကြီးနဲ့ ဆိုကြဟစ်ကြ ဟဲကြ နွှဲကြတော့မှာပါ။ အဲဒီ့အချိန်       ဆိုရင် ကမ္ဘာတလွှားက ဂီတချစ်မြတ်နိုးသူတွေဟာ တီဗီမျက်နှာပြင်ပေါ်မှာ အဲဒီ့ အဆိုသူရဲကောင်းပါရမီရှင်တို့ရဲ့ ကိုယ်စိတ်၊ ခံစားမှုအလုံးစုံကိုနစ်ပီး ပြိုင်ပွဲဝင်ဆိုဟန်တွေကို တသသစွဲရင်း မိမိဆန္ဒစွဲလေးတွေ မိမိမျှော်မှန်းတွက်ဆမှုလေးလေးတွေနဲ့အတူ ရက်သတ္တပတ်များစွာ မှိန်းမော ဖိုလှိုက် ရင်ခုန် အားပေးကြရတာ နောက်ဆုံးအထိ ရင်ခုန်လှိုက်မောမှုနဲ့ပါ။
တကယ်တော့ အဲဒီ့ပြိုင်ပွဲနဲ့ ပြိုင်ပွဲဝင်သူတွေဟာ ကျနော်တို့နဲ့ဆို တိုက်ရိုက်ပတ်သက်ဆက်စပ်မှုမရှိသလောက်မို့ ကျနော်တို့အားပေးကြရပုံက ခပ်လှမ်းလှမ်း ခပ်ဝေးဝေးကနေ ကိုယ့်အမြင် ကိုယ့်အထင် ကိုယ့်ဘ၀င်နဲ့ကိုယ် ကိုယ်သန်ရာစွဲရင်း အဆိုရှင်တယောက်ယောက်၊ ဒါမှမဟုတ် တဖွဲ့ဖွဲ့ကို အားပေးကြရတာမျိုး၊ ပြောရရင် နတ်ကရာ ကြည့်မောရတာမျိုးလောက်ပဲ မဟုတ်လား။
ဆိုတော့ … ဒီတနှစ်တော့ဖြင့် ကျနော်တို့ရွှေမြန်မာများသည်လဲ တခြားနိုင်ငံသားများနည်းတူ ဂလိုဘယ်အဆင့်နဲ့ ကိုယ်နဲ့တိုက်ရိုက်ပတ်သက်နီးကပ်စွာ ကိုယ့်သွေးကိုယ့်သား အရင်းအချာကို ဖိဖိစီးစီးအားပေးကြဖို့ ဖြစ်လာခဲ့ပါပြီ။
မြန်မာလူငယ်လေးတဦး၊ ဒါမှမဟုတ် မြန်မာနိုင်ငံကိုတခါဖူးမှခြေမချ မရောက်ဖူးသေးတဲ့ မြန်မာလူငယ်လေးတဦး။ လေးဖြူတို့ မျိုးကြီးတို့ကိုအားကျပြီး မြန်မာပြည်မှာ အဆိုတော်တဦးဖြစ်ချင်တဲ့ နယူးဇီလန်ကျွန်းနိုင်ငံရောက် မြန်မာလူငယ်လေး ဆန်းထိုက်အောင်။
မိဘတွေက ၈၈ အရေးတော်ပုံကြီးမှာ အာဏာရှင်ကိုဆန့်ကျင်ခဲ့ကြသူများ။ သူဟာ တောမြောင်လျှိုကမ်းပါးကြီးတွေအကြားမွေးဖွားခဲ့ပြီး ဒုက္ခသည်စခန်းမှာ လူလားမြောက်ခဲ့ရသူ။ The     X Factor လိုပြိုင်ပွဲကြီးကို  သိုးဆောင်းဘာသာစကားနဲ့ ပြိုင်ပွဲဝင်ဖို့မဆိုထားနဲ့ နယူးဇီလန်ကျွန်းလေးကိုရောက်စက ဘာသာစကားအခက်အခဲကြောင့် ကျောင်းကင်တဲန်းမှာ သူပြောတတ်တဲ့ Pieတမျိုးထဲကိုသာ ရက်ပေါင်းများစွာ စားနေခဲ့ရတဲ့သူ။ ခုတော့ ကျွန်းလေးပေါ်မှာ ၂ နှစ်အကြာ The  X Factor NZ ပြိုင်ပွဲကို ၀င်တိုးကြတဲ့ အဆိုရှင် လူပေါင်း ၆၀၀၀ လောက်ထဲမှာ သူက The Scriptရဲ့ Breakevenသီချင်းကိုဆိုပြီး ပြိုင်ပွဲဝင်ခဲ့ရာက ခုတော့ ပဏာမ လူ ၃၀၀ ထဲမှာ ရွေးချယ်ခံခဲ့ရပါပြီ။
ထိုင်းနိုင်ငံရဲ့ပီဘိတောနက်မည်းကြီးထဲက ဒုက္ခသည်စခန်းတခုမှာ တော်လှန်ရေး ဂစ်တာသမားကြီးတဦးဆီကနေ ဂစ်တာတီးတဲ့ပညာအခြေခံနဲ့ သူ့ရဲ့ပင်ကိုယ်ပါရမီတို့ကြောင့်  Glen Innes Talent Quest ဆိုတဲ့ သီချင်းဆို ဂစ်တာတီး၊ အကမျိုးစုံပါဝင်တဲ့ Talent မျိုးမှာလဲ ဒုတိယဆုရခဲ့ဖူးတာကြောင့် သူကိုယ်သူ ယုံကြည်မှုရှိနေတဲ့လူငယ်လေးဖြစ်ပါတယ်။ ခုတော့ pop နဲ့ soft rock စတိုင်ကို နှစ်သက်တတ်သူဟာ ခုဆို တကမ္ဘာလုံးကစောင့်ကြည့်နေကြတော့မယ့် X Factor ပြိုင်ပွဲကြီးမှာ မြန်မာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူ့ကိုယ်သူ မိတ်ဆက်လိုက်ပါပြီ။ ဆိုတော့ ကျနော်တို့တွေ ခပ်ဝေးဝေးခပ်လှမ်းလှမ်းကနေခဲ့ရတာမျိုးမဟုတ်တော့ဘဲ ကိုယ်တိုင် စင်ပေါ်တက်နိုင်ခဲ့ကြပြီမဟုတ်လား။ အားပေးကြတာပေါ့ဗျာ။
အခုဆို သူ့ရဲ့(ဆန်းထိုက်အောင်)ဘ၀ပုံရိပ်အချို့ကို တာဝန်ရှိအဖွဲ့တွေက ဗီဒီယို ရိုက်ကူးယူသွားခဲ့ပြီး သလို အင်တာဗျူးမေးမြန်းမှုအဆင့်တွေလည်း ပြီးစီးသွားခဲ့ပါပြီ။ အားကစားမှာလဲ ထူးချွန်တဲ့သူ့ရဲ့ ဘောလုံးကစားဟန်အပါအ၀င် မိဘမောင်နှမတွေနဲ့အတူ မြန်မာမိသားစုတစုရဲ့နေမှုပုံစံတွေကိုလဲ ရိုက် ယူသွားတာမို့ သူပြိုင်ပွဲဝင်မယ့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ညမှာတော့ The X Factor NZ ရဲ့အစီအစဉ်ကို TV 3 ကနေ ကျနော်တို့ ကမ္ဘာတလွှားနိုင်ငံပေါင်းများစွာမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားများ အားလုံး အနီးကပ်စောင့်ကြည့်အားပေးနိုင်ကြပါပြီ။
သူက အဲဒီ့ညမှာ  Enrique Iglesias ရဲ့ HERO ဆိုတဲ့သီချင်းနဲ့ပြိုင်ပွဲဝင်ရင်း မြန်မာနိုင်ငံသားအားလုံးရဲ့ အားပေးမှုကို မျှော်လင့်နေမယ်လို့ဆိုပါတယ်။ ကျနော်တို့တွေက သူ့ကို အဆင့်အဆင့်တွေ အထပ်ထပ် နဲ့ ရင်ဖိုမောလျရတဲ့ပြိုင်ပွဲကြီးမှာ သူ့ကို အဆင့်တိုင်းအဆင့်တိုင်းမှာ အောင်မြင်စွာကျော်လွှား ဖြတ်သန်း နိုင်ပါစေလို့ဆုတောင်းပေးရင်း ရင်ခုန်ကြပါစို့လို့ အာရုံများနိုးဆွပေးလိုက်ကြောင်းပါ။
(ဓာတ်ပုံများ –  Glen Innes Talent Quest  ပြိုင်ပွဲ ဆုရရှိစဉ် အမှတ်တရနဲ့  ဒုက္ခသည်စခန်းမှာနေစဉ်က… ဖြစ်ပါတယ် အခြားဓာတ်ပုံတွေက သူ့ရဲ့ဆိုဟန်စတိုင်များဖြစ်ပါတယ်

by- moemaka

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...