ဦးဟိန်းလင်းကျော် (၂၈နှစ်) ကို မအူပင်ရှိ ဖုန်းဆိုင် တစ်ဆိုင်တွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်ထားသူ ဖုန်းအရောင်းဆိုင် ပိုင်ရှင်၏ အမျိုးသား ဦးအောင်နိုင်စိုးက ပြောကြားသည်။
၎င်းသည် ယခင် တစ်နှစ်အကြာ လုပ်ကိုင်ခဲ့ဖူးသည့် Future Light ဖုန်း အရောင်းဆိုင်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလမှစ၍ ဖုန်း ငွေဖြည့်ကတ်များ၊ ဖုန်း အပိုပစ္စည်းများနှင့် Huawei ဟန်းဆက်၊ TWZ ဟန်းဆက်များကို ဆိုင်ရှင်မသိဘဲ ရောင်းချခြင်း၊ HTC ဟန်းဆက် ဝယ်ယူရန် ငွေသိန်း ၃၀ ထုတ်ယူ၍ ပြင်ပသို့ ရောင်းချခြင်းများ ပြုလုပ်သဖြင့် ဆိုင်ရှင်အမျိုးသမီးက ယင်းကျပ်သိန်း ၃၀ ကို ငွေပေးငွေယူ စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်မှ မေလ ၂၇ ရက်နေ့ သုံးလအကြာတွင် ပြန်လည် ပေးချေရန် သဘောတူညီခဲ့သော်လည်း စာချုပ် ချုပ်သည့်နေ့မှ စတင် တိမ်းရှောင်ခဲ့ကြောင်း ဦးအောင်နိုင်စိုးက ရှင်းပြသည်။
“ကီးချိန်းကအစ ဖုန်းငွေဖြည့် ကတ်တွေ၊ ဟန်းဆက်တွေပါ ပါသွားတယ်၊ HTC ဆိုရင် ဆိုင်မှာ သွင်းတာထက် အပြင်မှာ ရောင်းတာတွေပါ ရှိတယ်”ဟု ဦးအောင်နိုင်စိုးက ဆက်လက် ပြောကြားသည်။
အဆိုပါ ဆိုင်ဝန်ထမ်းဟောင်းကို တာမွေမြို့နယ် ရဲစခန်းက (ပ) ၂၃၉/၁၃၊ ယုံကြည်စွာ အပ်နှံထားသော ပစ္စည်းများကို ကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုလုပ်ရာတွင် အရေးယူသည့် ပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့်ကာ ဒုရဲအုပ်က စစ်ဆေးလျက် ရှိကြောင်း တာမွေမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment