ဧဒင်အချစ်ပုံပြင်: ဆိုင်ကယ် အန္တရာယ်

Saturday 29 June 2013

ဆိုင်ကယ် အန္တရာယ်

Photo: ဆိုင်ကယ် အန္တရာယ်
Sunday, June 30, 2013

ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ဆိုင်ကယ်တိုက်မှုဟာ ကျွန်တော့်ရှေ့မှာ ဖြစ်သွားခဲ့တာပါ။
မနေ့ည ၇ နာရီကျော်မှာ ရုံးကနေ ကိုယ်တိုင်ကားမောင်းပြီး ပြန်လာခဲ့ပါတယ်။ သပြေကုန်း အဝိုင်း ကျော်လာတော့ ကျွန်တော့်ကားကို လမ်းလယ် မျဉ်းဝါတိုင်း ကပ်ပြီး အရှိန်ပြင်းပြင်းမောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကျော်တက်သွားပါတယ်။

ဆိုင်ကယ်ပေါ်မှာ ဂျင်းဘောင်ဘီနဲ့ လူငယ်နှစ်ဦးပါသွားပါတယ်။ ဦးထုတ် မပါဘူး။ ရှေ့က လမ်းဆုံမီးပွိုင့်က မီးစိမ်းနေပါတယ်။ သံဃာတော်တစ်ပါး နောက်က ထိုင်နေတဲ့ ဆိုင်ကယ်က ဘယ်ဘက်ကို ကွေ့ဖို့ အတွက် အချက်ပြမီးဖွင့်ပြီး ရပ်ထားတယ်။

လူငယ်နှစ်ဦးစီးလာတဲ့ ဆိုင်ကယ်က အဲဒီဆိုင်ကယ်ကို ကျော်လိုက်တဲ့အချိန်မှာ ချိတ်မိ ပြီး ဘယ်ဘက်ကို ထွက်သွားရင်း တစ်ဖက်က မီးစီမ်းလို့ မောင်းလာတဲ့ ယာဉ် ဘယ်ဘက်အခြမ်းကို ၀င်တိုက်မိသွားပါတယ်။ ရပ်ထားတဲ့ဆိုင်ကယ်ပေါ်က မောင်းသူနဲ့ လိုက်တာတဲ့ ဦးဇင်းကတော့ လမ်းပေါ်လွင့်သွားပေမယ့် နည်းနည်းပဲ ပွန်းပဲ့သွားပါတယ်။ ဆိုင်ကယ်ဝင်တိုက်တာခံလိုက်ရတဲ့ ကားပေါ်မှာ အသက်ကြီးကြီး ဇနီးမောင်နှံနှစ်ဦးပါ ပါတယ်။ သူတို့လည်းအတော်တုန်လှုပ်သွားပါတယ်။

ကျွန်တော်ပဲ ယာဉ်ထိန်းခေါ်ဖို့ စီစဉ်ပေးခဲ့ပြီး အချိတ်ခံရတဲ့ဆိုင်ကယ်ပေါ်ကလူကိုလည်း ရောက်လာတဲ့ ယာဉ်ထိန်းရဲကို အခြေအနေရှင်းပြဖို့ အကူအညီတောင်းခဲ့ရပါတယ်။ ဒဏ်ရာရတဲ့နောက်တစ်ယောက် ကတော့ ကျန်ပြည်သူများက ကူညီပြီးဆေးရုံပို့ပေးခဲ့ရပါတယ်။

ဒီနေ့မနက်ရုံးကို ထွက်လာတော့ ပုံမှာ ပါတဲ့အတိုင်း ဆိုင်ကယ်တွေက လမ်းလယ်မှာ အပြည့်တက်မောင်းနေတာတွေ့ရပါတယ်။ ဒါက အမြဲတမ်း ကြုံနေရတဲ့အခြေအနေပါ ။တကယ်တော့ ဆိုင်ကယ်နဲ့ ထွေလာဂျီလို ယာဉ်များဟာ လမ်းညာဘက် ကွန်ကရစ် လမ်းဘက်က မောင်းဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ယာဉ်ထိန်းရဲနဲ့ ဝေးပြီဆိုတာနဲ့ မြင်တဲ့အတိုင်း လမ်းပေါ်၊ လမ်းလယ် အပြည့်တက်ပြီး မောင်းတော့တာပါပဲ။ ဒါ့ကြောင့် ငါတို့ပဲ ညာဘက်ဆင်းမောင်းပေးရင် ကောင်းမလားလို့တောင်စဉ်းစားမိပါတယ်။

စည်းမဲ့ကမ်းမဲ့မောင်းနေတဲ့ ဆိုင်ကယ်တွေဟာ ပြဿနာတစ်ခုပါ
ညဘက်ဆိုရင် ကျွန်တော်တို့ ရုံးတွေဘက်မှာ လမ်းပြောင်းပြန်မောင်းတဲ့ဆိုင်ကယ်၊ မီးမပါဘဲ မောင်းတဲ့ဆိုင်ကယ်တွေကို ရှောင် မောင်းနေရပါတယ်။ တစ်ခါကတော့ ရွဲ့ပြီး ကားကို ရပ်ပေးထားတော့ ဆိုင်ကယ်ဆရာသမားက ××× ပဲ လမ်းအကျယ်ကြီး၊ မမောင်းတတ်ဘူးလားဆိုပြီး ဆဲသွားပါသေးတယ်။

ဆိုင်ကယ်တွေဟာ နေပြည်တော်နေပြည်သူများအတွက်အရေးပါတဲ့ပို့ဆောင်ရေး ယာဉ်ပါ။ ဒါပေမယ့် စည်းကမ်းနဲ့ ဖြေးဖြေးအေးအေးမောင်းကြရင် အားလုံး အတွက် အန္တရာယ်ကင်းမှာပါ။ အခုတော့ ကားက ဆိုင်ကယ်ကို ပြန်ရှောင်နေရတဲ့အခြေ အနေရောက်နေပါပြီ။

ဆိုင်ကယ်တိုက်ထားတဲ့ပုံက ကျွန်တော်ရိုက်လာခဲ့တာပါ။ ဒီလိုပုံမျိုးကို မတင်ချင်ပါ ဘူး။ သို့သော်ဆိုင်ကယ်မောင်းသူများ မြင်ရင် ပိုပြီး သတိထားနိုင်စေဖို့ အတွက် တင်ပေးလိုက်တာဖြစ်ပါတယ်။

Ye Htut

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...