ဧဒင်အချစ်ပုံပြင်: လက်သည်းပေါ်တွင် ကန့်လန့်ဖြတ် မျဉ်းကြောင်းဖြစ်နေခြင်း ---

Wednesday 28 August 2013

လက်သည်းပေါ်တွင် ကန့်လန့်ဖြတ် မျဉ်းကြောင်းဖြစ်နေခြင်း ---

Photo: လက်သည်းပေါ်တွင် ကန့်လန့်ဖြတ် မျဉ်းကြောင်းဖြစ်နေခြင်း ---
Wednesday, August 28, 2013

အထက်ပါမျဉ်းကြောင်းလေးပေါ်နေခြင်းကို Beau’s lines လို့ခေါ်ပါတယ်။ လက်သည်းရဲ့ အလယ်မှာချိုင့်နေတဲ့ ကန့်လန့်ဖြတ် မျဉ်းကြောင်းလေးလိုဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။ လက်သည်း cuticle
နေရာတွင် ထိခိုက်မိပါက အဲဒီမျဉ်းကြောင်းလေးပေါ်နေနိုင်သလို ထိန်းချုပ်ရခက်သော ဆီးချိုရောဂါရှိသူများ ၊ ဆိုးဆိုးဝါးဝါးဖျားနာနေသော လူနာများ၊ ကင်ဆာဆေးသောက်သုံးနေသော လူနာများနှင့်
အာဟာရဓါတ်ချို့တဲ့တဲ့ လူများမှာ Beau’s lines ကိုတွေ့ရတတ်ပါတယ်။
အထက်ပါ ရောဂါတွေအပြင် လက်သည်းများက ဖော်ပြပေးနေတဲ့ ရောဂါတွေအများကြီးရှိပါတယ်။

Lupus ၊ Psoriasis အစရှိတဲ့ ရောဂါတွေမှာလည်း လက်သည်းများဟာ ချိုင့်နေခြင်း၊ ကွဲနေခြင်းစတာတွေဖြစ်နိုင်ပါတယ်။ တချို့သော နှလုံးရောဂါရှိသူတွေမှာ လက်သည်းရဲ့ nail bed ဟာ
နီနေနိုင်သလို သွေးအားနည်းရောဂါရှိသူတွေမှာလက်သည်းဟာ အရောင်ဖျော့နေတတ်ပါတယ်။

အရေပြားကင်ဆာရှိသူတွေမှာလည်း လက်သည်းအောက်ခြေတွင် အနက်ရောင်လိုင်းလေးများဖြစ်ပေါ်နေလေ့ရှိပါတယ်။ ဒါကြောင့် လက်သည်းများဟာ ကျန်းမာရေးအခြေအနေကို တစိတ်တဒေသ
ဖော်ပြနေတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်သည်းခြေသည်းများရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဒါမှသာ လက်သည်းခြေသည်းများအတွင်း ရောဂါပိုးဝင်ရောက်ခြင်းကို ကာကွယ်နိုင်မှာပါ။ လက်သည်းခြေသည်းများရဲ့ ကျန်းမာရေး
အတွက် အောက်ပါအတိုင်း ဆောင်ရွက်သင့်ပါတယ်။

၁။ လက်သည်းခြေသည်းများကို သန့်သန့်ရှင်းရှင်း ခြောက်သွေ့အောင်ထားပါ။

၂။ လက်သည်းကိုက်တတ်တဲ့အကျင့်ရှိလျှင် ဖျောက်ပစ်ပါ။

၃။ လက်သည်းအောက်ခြေဘက် cuticle နေရာကို လှီးမဖြတ်ပါနှင့်။

၎။ လက်သည်းခွံနှင့် nail bed ကြားနေရာကနေ ရောဂါပိုးဝင်လာနိုင်တဲ့အတွက် အဲဒီကြားနေရာကို
အချွန်အတက်များဖြင့် အလွန်အကျွံ ထိုးဆွသန့်ရှင်းခြင်းမလုပ်ပါနှင့်။

၅။ တတ်နိုင်ပါက လက်သည်းညှပ်များကို သီးသန့်အသုံးပြုပါ။

၆။ ပရိုတင်းနှင့် ဘိုင်အိုတင် (biotin) ကြွယ်ဝသော ကြက်ဥ အသားနှင့် အသဲများ စားပေးပါ။
ဘိုင်အိုတင်ဟာ vitamin B7 ဖြစ်ပြီး လက်သည်းနှင့် ဆံပင်များ၏ ကျန်းမာသန်စွမ်းရေးအတွက်အထောက်အကူပြုပါတယ်။

၇။ acetone နှင့် formaldehyde ပါဝင်သော လက်သည်းဖျက်ဆေးများကို အတတ်နိုင်ဆုံးအသုံးမပြုပါနှင့်။ 

၈။ လက်သည်းခြေသည်းများ အရောင်ပြောင်းလဲခြင်းရှိမရှိကိုလည်း စစ်ဆေးပေးပါ။

အထက်ပါအတိုင်း လက်သည်းခြေသည်းများကို ဂရုတစိုက်စစ်ဆေးပေးခြင်းဖြင့် မိမိတို့ရဲ့
ကျန်းမာရေးကို အထောက်အကူပြုနိုင်စေဖို့ အကြံပြုတင်ပြလိုက်ပါတယ်

Ref : ကျန်းမာရေးနှင့်အထွေထွေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...