ဧဒင်အချစ်ပုံပြင်: ညှာတာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများ ဘဏ္ဍာငွေ အပေါ် မူတည်ပြီး ရဲတပ်ဖွဲ့ဝင်များ အတွက် ဖွင့်လှစ်မည် ဟုဆို

Wednesday 29 February 2012

ညှာတာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများ ဘဏ္ဍာငွေ အပေါ် မူတည်ပြီး ရဲတပ်ဖွဲ့ဝင်များ အတွက် ဖွင့်လှစ်မည် ဟုဆို

Photo-Google Image
လူသားချင်း စာနာ ထောက်ထားမှု၊ လူ့အခွင့်အရေး လေးစားလိုက်နာမှု စံနှုန်းများ သိရှိမှု နည်းပါးလျက် ရှိသော မြန်မာနိုင်ငံရှိ မြို့နယ် ရဲတပ်ဖွဲ့စခန်း အသီးသီးမှ ရဲတပ်ဖွဲ့ဝင်များအား လူသားချင်း ညှာတာ ထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဘဏ္ဍာငွေအပေါ် မူတည်ပြီး လိုအပ်ပါက ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ကတိပြု ပြောကြားသည်။
" ရဲတပ်ဖွဲ့ဝင်တွေကို ရဲကျင့်ဝတ် အရရော၊ တည်ဆဲဥပဒေ အရရောပါ အရေးယူ နေပါတယ်။ အစိုးရအဖွဲ့ အနေနဲ့ ဘဏ္ဍာငွေပေါ် မူတည်ပြီး လိုအပ်ပါက ထပ်မံဖွင့်လှစ် သင်ကြားပေး ပါမယ် " ဟု ၎င်းက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တတိယအကြိမ် ပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း တင်သွင်းခဲ့သော မြို့နယ် ရဲတပ်ဖွဲ့ စခန်းများရှိ ပြည်သူ့ရဲများကို အခြေခံ လူ့အခွင့်အရေး သင်တန်းများ အဆောတလျင် ပေးရန် အဆိုကို ၎င်းက ယင်းသို့ ပြန်လည်ဆွေးနွေး ဖြေကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် လုပ်ငန်းတာဝန် လေးရပ်ကို ထမ်းဆောင်နေပြီး ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ (ရဲကျင့်ဝတ်) ၇၀ ကို ပြဋ္ဌာန်းကာ လိုက်နာစေလျက် ရှိကြောင်း ရဲတပ်ဖွဲ့ဝင်များအား ၁၉၉၅ ခုနှစ် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသကဲ့သို့ ရဲသင်တန်း ကျောင်းများ၌ ၂၀၀၈ ခုနှစ်မှစ၍ CNICEF နှင့် ပူးပေါင်းပြီး လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို ပို့ချလျက် ရှိကာ ၂၀၁၁ ခုနှစ် မှစပြီး ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ ထားဝယ်၊ မော်လမြိုင် စသော မြို့ကြီးများ တွင်လည်း အဆိုပါအချက်များကို သင်တန်းဖွင့်လှစ် ခဲ့ကြောင်း ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

သန်လျင်မြို့နယ်နေ မောင်ကနား ဆိုသူသည် ပြစ်မှုကြီး အမှတ် ၁၀၃၂ အရ စွပ်စွဲခံရသူ ဖြစ်ပြီး စတင် ချုပ်နှောင်စဉ်က လူကောင်း ဖြစ်ကာ အချုပ်၌ ရှိနေစဉ် နှိပ်စက်ခံ ရသဖြင့် တစ်လအတွင်း သုံးကြိမ်တိုင် မိသားစု မသိဘဲ သန်လျင်ဆေးရုံသို့ သွားရောက် ကုသမှုခံ ခဲ့ရခြင်း ကိစ္စ၊ ရာအိမ်မှူးက တရားလိုလုပ်သော အမှုကို လုယက်မှုဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ပေး ခဲ့သော်လည်း စွပ်စွဲခံရသူနှင့် ၎င်း၏ဇနီး ပါးရိုက်ခံရမှု၊ ခြိမ်းခြောက်ခံရမှုများကို ရဲတပ်ဖွဲ့က အမှုဖွင့်လှစ်ပေးခြင်း မရှိသဖြင့် နစ်နာသူများနှင့် အမှန်တရား လိုလားသူများက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့ရာ တိုင်ကြားသူ ပြည်သူတစ်ဦးကို ပြည်သူ့ရဲက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂ ဖြင့် သန်လျင် တရားရုံးသို့ တရားစွဲဆို တင်ပို့ခြင်းကိစ္စ၊ သမီး ပျောက်ဆုံးသဖြင့် ဖခင်တစ်ဦးက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့ စခန်းသို့ တိုင်ကြားရာတွင် ၁၆ လကြာမှသာ တရားရုံးသို့ တရားစွဲဆို တင်ပို့ပေးခြင်း ကိစ္စ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) တွင်ပင် အမျိုးသမီးငယ် တစ်ဦးအား ဖျားယောင်းပြီး အဓမ္မ ပြုကျင့်သဖြင့် ၎င်း၏ မိခင်က အရေးယူပေးရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ စခန်းသို့ တိုင်ကြားသော်လည်း အမှုဖွင့်လှစ်ပေးခြင်း မရှိသည့်ကိစ္စ စသော တကယ့်ဖြစ်ရပ်များ အပေါ် သာဓကထားကာ ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်က ဒေါ်ညိုညိုသင်း တင်သွင်းသော အဆိုနှင့် ပတ်သက်ပြီး ထောက်ခံ ဆွေးနွေးခဲ့သည်။

" ဒီအဆိုဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေ အတွက် ကောင်းမွန်တဲ့ အဆို ဖြစ်တဲ့အတွက် လွှတ်တော်က မှတ်တမ်း တင်ပါတယ် " ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်က ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၏ အဆိုအပေါ် အဆုံးအဖြတ် ပြုခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...